မြန်မာစစ်အရာရှိတွေကို ဗြိတိန်သင်တန်းပေး

  • 24 ဇန်နဝါရီ 2014
Britain gives a training to Burmese Army
Image caption နေပြည်တော်က သင်တန်းမှာ မြန်မာစစ်အရာရှိ ၂၂ ဦးတက်

နေပြည်တော်မှာ မြန်မာစစ်အရာရှိတွေကို ဗြိတိန်ကနေ ၁၁ ရက်ကြာ သင်တန်းပေးခဲ့ပါတယ်။

ဗြိတိန်က စစ်တပ်အရာရှိတွေ၊ ပညာရှင်တွေ ပေးခဲ့တဲ့ သင်တန်းမှာ မြန်မာ့တပ်မတော်ဘက်ကဆိုရင် ဗိုလ်မှူးကြီး နဲ့ ဒုဗိုလ်မှူးကြီး ၂၂ ဦး တက်ရောက်ခဲ့ကြပါတယ်။

စစ်အရာရှိတွေ တက်တဲ့သင်တန်းဆိုပေမယ့် စစ်ပညာကို ပို့ချတာ မဟုတ်ပဲ လူ့အခွင့်အရေး၊ စစ်တပ်နဲ့ လူထုကြား ဆက်ဆံမှု၊ တာဝန်ခံမှုနဲ့ ပွင့်လင်းမြင်သာမှု စတာတွေကို ပို့ချခဲ့တာ ဖြစ်ပါ တယ်။

အရင်နှစ်ပေါင်းများစွာအတွင်း မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ အလယ်မှာ ဝေဖန်ခံခဲ့ရပါတယ်။

ဒီလို သင်တန်းပေးလို့ တကယ်ရော အကျိုးရှိပါ့မလားဆိုပြီး ဗြိတိန်အပေါ်လည်း ဝေဖန်မှုတွေလည်း ရှိနေပါတယ်။

ဗြိတိန် စစ်သံမှူး တိုနီ စတန်းကက ဘီဘီစီကို ပြောရာမှာ ''ကျွန်တော်တို့အနေနဲ့ နားလည်ထားတာကတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရဲ့ အသွင်ပြောင်းလာမှုကို အထောက်အကူပေးနိုင်ဖို့ပါ။ ဥပေဒနဲ့အညီ တာဝန်ခံမှုရှိတဲ့ စစ်တပ်တစ်ခုဖြစ်ဖို့၊ နိုင်ငံတကာ စံနှုန်းတွေနဲ့အညီ လုပ်ဆောင်တဲ့ စစ်တပ်တစ်ခုဖြစ်လာဖို့ပါ။ ဒီအတွက် ထိတွေ့ဆက်ဆံ စကားပြောဖို့ လိုပါတယ်'' လို့ ပြောပါတယ်။

တခါ သင်တန်းဆင်းပွဲမှာ ကြီး ရေ လေ ညှိနှိုင်းကွပ်ကဲရေးမှူး ဗိုလ်ချုပ်ကြီး လှဌေးဝင်းက ပြောရာမှာတော့ ''နိဂုံးချုပ်အနေနဲ့ ကျွန်တော် ပြောလိုတာကတော့ စစ်ဘက် အရပ်ဘက် ဆက်ဆံရေး နဲ့ ပူးပေါင်းဆောင်ရွက်မှုဟာ ပိုမိုတိုးတက်ဖွံ့ဖြိုးတဲ့ ၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီ နိုင်ငံတစ်ခု တည်ဆောက်ရာမှာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေတယ် ''လို့ ဆိုပါတယ်။

အရပ်သား အစိုးရဆီက အမိန့်ကို လိုက်နာမှာထက် အစိုးရနဲ့ ပူးပေါင်း ဆောင်ရွက်မယ်၊ စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီအကြောင်း ပြောတာတွေကို ကြည့်ရင် တပ်မတော်ဟာ မြန်မာ့နိုင်ငံရေးမှာ ဆက်ပြီးတော့ အရေးပါနေဦးမယ် ဆိုတာကလည်း ထင်ရှားနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ