မြန်မာနိုင်ငံမှာ စီးကရက်စက်ရုံသစ် ဖွင့်ခွင့်မပြု

  • 23 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် PA
Image caption သုံးစွဲသူတွေ ရှိနေတာကြောင့် စီးကရက်တွေကို နည်းမျိုးစုံနဲ့ ပြည်တွင်းကို ခိုးသွင်းမှုတွေ ရှိနေ

မြန်မာနိုင်ငံမှာ နိုင်ငံခြားက လာရောက် ရင်းနှီး မြှုပ်နှံမယ့် စီးကရက် စက်ရုံအသစ်တွေ ဖွင့်ခွင့်ပြုမှာ မဟုတ်ဘူးလို့ သိရပါတယ်။

နိုင်ငံခြားက ရင်းနှီး မြှုပ်နှံမယ့် စီးကရက် စက်ရုံ အသစ်တွေ မြန်မာနိုင်ငံမှာ ခွင့်ပြုထားတာ မရှိသလို ခွင့်ပြုမယ့် အစီအစဉ်လည်း မရှိဘူးလို့ အမျိုးသား စီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုး တိုးတက်ရေး ဝန်ကြီးဌာနက ရင်းနှီးမြှုပ်နှံမှုနဲ့ ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ဇောမောင်က ဘီဘီစီကို အတည်ပြု ပြောကြားပါတယ်။

နိုင်ငံတော်ကို အကျိုးမပြုတဲ့ လုပ်ငန်း ဖြစ်တာကြောင့် ခွင့်မပြုတာ ဖြစ်ကြောင်း၊ ဒါပေမယ့် ခွင့်ပြုပြီးသား ဖက်စပ်လုပ်ငန်း စက်ရုံတွေကိုတော့ ပိတ်ပစ်မှာ မဟုတ်ကြောင်း သူက ပြောပါတယ်။

အခုလို နိုင်ငံခြားက လာရောက် ရင်းနှီး မြှုပ်နှံမယ့် စီးကရက် စက်ရုံ အသစ်တွေ ဖွင့်ခွင့် မပြုတာဟာ ကျန်းမာရေး ဝန်ကြီးဌာနက ကန့်ကွက်နေတာကြောင့်လည်း ဖြစ်တယ်လို့လည်း သိရပါတယ်။

ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲမှု တိုက်ဖျက်ရေး လုပ်နေတာကြောင့် စီးကရက် စက်ရုံ တည်ဆောက်ခွင့်ကို ကျန်းမာရေး ဝန်ကြီးဌာနက တစိုက်မတ်မတ် ကန့်ကွက် နေခဲ့တာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန၊ ကျန်းမာရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မင်းသိန်းညွှန့်က ပြောပါတယ်။

ဆေးလိပ်နဲ့ အရက်၊ ဘီယာတွေကို ပြည်ပ ကနေ တင်သွင်းခွင့် မပြုထားတဲ့ အတွက် အခုအခါ တရားမဝင် ကုန်သွယ်မှု တားဆီး နှိမ်နင်းရေး အဖွဲ့က ဖမ်းဆီးမှုတွေ ပိုမို လုပ်လာပါတယ်။

ဒါပေမယ့်လည်း သုံးစွဲသူတွေ ရှိနေတာကြောင့် စီးပွားရေး သမားတွေက နည်းမျိုးစုံနဲ့ ပြည်တွင်းကို ခိုးသွင်းမှုတွေ ရှိနေတုန်းဖြစ်ပါတယ်။