လျှပ်စစ်စီမံကိန်း အတော်များများကို ဥရောပ နိုင်ငံတွေနဲ့ လုပ်ဖို့ရှိ

  • 23 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် thoi bao ngan hang
Image caption မြန်မာ့ ရေအားလျှပ်စစ် ထုတ်လုပ်ရေး လုပ်ငန်းတွေကို တရုတ်ကုမ္ပဏီတွေ လွှမ်းမိုးထား

မြန်မာနိုင်ငံမှာ တရုတ်ကုမ္ပဏီတွေ အဓိက လွှမ်းမိုးထားတဲ့ ရေအား လျှပ်စစ် ထုတ်ယူရေး လုပ်ငန်းတွေကို ဥရောပနိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်တော့မယ်လို့ သိရပါတယ်။

မြန်မာနိုင်ငံမှာ ရေအား လျှပ်စစ် ထုတ်လုပ်ဖို့အတွက် ပြည်ပ နိုင်ငံတွေနဲ့ ချုပ်ဆိုထားတဲ့ MoU နားလည်မှု စာချွန်လွှာ ၂၁ ခုရှိတယ်လို့ လျှပ်စစ် စွမ်းအား ဝန်ကြီး ဌာနက ပြောပါတယ်။

အဲဒီထဲက စီမံကိန်း အတော်များများကို ဥရောပနိုင်ငံ တွေနဲ့ ဖက်စပ် လုပ်ကိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီးဒုတ် ရေအား လျှပ်စစ်စီမံကိန်း၊ အလယ် ပေါင်းလောင်း စီမံကိန်း၊ အလယ် ရဲရွာ စီမံကိန်း၊ ဘောဂထ စီမံကိန်းတွေကို ဥရောပ နိုင်ငံတွေနဲ့ ဖက်စပ် လုပ်ကိုင်ဖို့ စီစဉ်နေတဲ့အကြောင်း လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးမော်သာထွေးက လွှတ်တော်မှာ ရှင်းပြသွားခဲ့ပါတယ်။

အရင်တုန်းကတော့ အစိုးရ လုပ်သမျှ ပြည်သူတွေ ဘာမှ မသိခဲ့ရပေမယ့် အခုတော့ လွှတ်တော်မှာ ပြောသလောက်ကို ကြားနိုင် တာဟာ စံနစ်သစ်ရဲ့ အကျိုးကျေးဇူး တခုလို့ ဆိုရမှာပါ။

ဒါပေမယ့် အဲဒီစီမံကိန်းတွေ တည်ဆောက်မှာနဲ့ ပတ်သက်ပြီး ဒေသခံတွေနဲ့ တိုင်ပင်တာတို့၊ ပြည်သူတွေရဲ့ သဘောထား ဆန္ဒကို တောင်းခံတာတို့၊ MoU နားလည်မှု စာချွန်လွှာတွေ ထဲမှာ ဘာတွေပါလဲ ဆိုတာကို အများ ပြည်သူကို အသိပေးတာတို့တော့ မတွေ့ရသေးပါဘူး။

အရင်တုန်းက တရုတ်နိုင်ငံနဲ့ ဖက်စပ် လုပ်ကိုင်ခဲ့တဲ့ စီမံကိန်းတွေမှာ ပြည်သူတွေဖက်က လက်မခံခဲ့တဲ့ အဓိက အချက်တွေထဲမှာ ပွင့်လင်း မြင်သာမှု မရှိတာဟာ အရေးကြီးတဲ့ အချက်တခု ဖြစ်တယ်လို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ် ပါတီက သီပေါမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရဲထွန်းက ပြောပါတယ်။

မြန်မာအစိုးရဟာ စီမံကိန်းကြီးတွေနဲ့ ပတ်သက်ရင် အရင်ကထက် ပိုပြီး ပွင့်လင်း မြင်သာအောင် ကြိုးစားလာတာ တွေ့ရပေမယ့် တကယ့် လိုအပ်တဲ့ သတင်း အချက်အလက်တွေကိုတော့ ပြည်သူတွေ အလွယ်တကူ မသိနိုင်သေးပဲ ဖြစ်နေဆဲပါ။