မြန်မာဆိုင်ကို မလေးရှား အာဏာပိုင်တွေ ဝင်ဖမ်း

  • 23 ဇန်နဝါရီ 2014
Burmese Workers in Malaysia ဓာတ်ပုံ မူပိုင် bbc web
Image caption ပြီးခဲ့တဲ့လက မြန်မာနိုင်ငံ ပြန်လာကြတဲ့ မလေးရှားက မြန်မာ အလုပ် သမားများ

မလေးရှားနိုင်ငံ ကွာလာလာလမ်ပူ မြို့တော်က မြန်မာ ပစ္စည်း အရောင်းဆိုင် တွေကို ပိတ်ထားလိုက် ပါတယ်။

မလေးရှားမှာ ဖွင့်ထားတဲ့ သိဒ္ဓိဝင်း ဆိုတဲ့ မြန်မာကုန်စုံ ဆိုင်ကို ကြာသပတေး နေ့လယ်က မလေးရှား တာဝန်ရှိသူတွေက ဝင်ဖမ်း တာကြောင့် မြန်မာ စျေးဆိုင်တွေ ထိတ်လန့်ပြီး ပိတ်ထား လိုက်ကြ တယ်လို့ ဆိုင်ရှင် တစ်ယောက်က ဘီဘီစီကို ပြောပါတယ်။

လာဖမ်းဆီးကြတဲ့ လူဝင်မှု ကြီးကြပ်ရေး တာဝန်ရှိသူတွေက လူတွေကို စစ်ဆေး သွားပြီး စားသောက်ကုန်တွေ နဲ့ ပတ်သက်တဲ့ သူတွေ ကတော့ ဆိုင်က ပစ္စည်း တဝက်လောက်ကို သိမ်းဆည်း သွားတယ်လို့ ကွန်ပျူတာ ဆိုင်ရှင် ဦးမျိုးညွှန့်က ပြောပါတယ်။

မြန်မာ နိုင်ငံက လာတဲ့ ဆေးလိပ်၊ လက်ဖက်နဲ့ စားသောက်ကုန် အမျိုးမျိုးကို ရောင်းချကြတဲ့ မြန်မာ ကုန်စုံဆိုင် မလေးရှားမှာ အတော်များများ ရှိပြီး တရားဝင် ဖွင့်ထားကြတာ လို့ သူက ပြောပါတယ်။

တခြား နိုင်ငံခြားသားတွေ ရောင်းချတဲ့ ဆိုင်တွေကို ဝင် မစစ်ဘဲ မြန်မာ ဆိုင်တွေကိုပဲ ရွေးဖမ်း တာတွေ့ရလို့ ထူးဆန်း နေတယ်လို့လည်း ကွန်ပျူတာ ဆိုင်ရှင် ဦးမျိုးညွန့်က ပြောပါတယ်။

မလေးရှား နိုင်ငံမှာ တရားမဝင် အလုပ်လုပ် နေတဲ့သူတွေကို ဖမ်းဆီးမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် တနင်္လာနေ့က စပြီး ဖမ်းဆီးမှုတွေ လုပ်နေတာ ဖြစ်ပါတယ်။

အင်ဒိုနီးရှား၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ စတဲ့ တခြား နိုင်ငံသားတွေ အတော် များများလည်း မလေးရှားမှာ လာရောက် အလုပ် လုပ်နေကြ ပါတယ်။

အဖမ်းခံ ထားရသူ တစ် ထောင်ကျော် ထဲမှာ အများစုက အင်ဒိုနီးရှား အလုပ်သမား တွေ ဖြစ်ကြပြီး မြန်မာ အလုပ်သမား အတော်များများ လည်း အဖမ်းခံရတယ်လို့ မလေးရှားမှာ လူမှုရေး အကူအညီ ပေးနေသူ တွေက ပြော ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ