မိကျောင်းကန်မြေကို ပြန်မပေးဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနကပြော

  • 26 ဇန်နဝါရီ 2014
Image caption မိကျောင်းကန် မြေနေရာတွေ ပြန်ရရေးအတွက် မနှစ်က သပိတ်စခန်းတွေဖွင့် ဆန္ဒပြခဲ့ကြ

အစိုးရ သိမ်းထားတဲ့ ရန်ကုန်တိုင်း ဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် မိကျောင်းကန် မြေနေရာ တွေဟာ တပ်ပိုင်မြေတွေ ဖြစ်ပြီး စစ်မှုထမ်း ဟောင်း အိမ်ရာတွေ ဆောက်လုပ်ဖို့ ရှိတဲ့ အတွက် ပြန်ပေးဖို့ အစီအစဉ် မရှိဘူးလို့ ကာကွယ်ရေး ဝန်ကြီးဌာနက ထုတ်ဖေါ်ပြော လိုက်တယ်လို့ သိရပါတယ်။

မိကျောင်းကန် မြေနေရာကိစ္စနဲ့ ပတ်သက်လို့ သင်္ဃန်းကျွန်းမြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းညွန့်က လွှတ်တော်ကနေ တဆင့် မေးမြန်းခဲ့တာကို ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ပြန်ဖြေခဲ့တာလို့ ဆိုပါတယ်။

မိကျောင်းကန် မြေနေရာတွေ ကိစ္စကို လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေး ကော်မရှင်အဖွဲ့က ရန်ကုန်တိုင်း ဝန်ကြီးချုပ်ထံ တင်ပြထားချိန်မှာပဲ ကာကွယ်ရေး ဝန်ကြီးဌာနက အခုလို ထုတ်ဖေါ် ပြောဆိုလိုက်တာပါ။

အခုကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ပြောဆိုချက်နဲ့ ပတ်သက်လို့ မိကျောင်းကန် မြေကိစ္စ ဆန္ဒပြသူတွေက လယ်ယာမြေနဲ့ အခြားမြေများ သိမ်းဆည်းခံရမှု စုံစမ်းရေးကော်မရှင်ထံ ဒီကနေ့မှာပဲ သွားရောက် တင်ပြ ဆွေးနွေးခဲ့ကြကြောင်းနဲ့ ဒီကိစ္စကို လွှတ်တော်မှာ မကြာခင် တင်ပြဆွေးနွေးမယ်လို့ စုံစမ်းရေး ကော်မရှင်က ပြန်ပြောခဲ့ကြောင်း ဆန္ဒပြခေါင်းဆောင် ဦးစိန်သန်းက ဘီဘီစီကို ပြောပါတယ်။

သင်္ဃန်းကျွန်း မိကျောင်းကန် က အိမ်ထောင်စု တထောင် နီးပါး ပိုင်တဲ့ မြေကွက် တွေကို တပ်မတော် မှတ်တမ်းရုံး အတွက် ဆိုပြီး တပ်မ ၂၂ နယ်မြေခံ ငြိမ်ဝပ် ပိပြားရေး အဖွဲ့နဲ့ စစ်ထောက်လှမ်းရေး တွေက ၁၉၉၁ ခုနှစ် ကတည်းက သိမ်းယူခဲ့တာ လို့ ဆိုပါတယ်။

သိမ်းဆည်း ခံရတဲ့ မိကျောင်းကန် မြေနေရာက မြေတွေဟာ ဘိုးဘွားပိုင်မြေတွေ ဖြစ်ပြီး ပိုင်ဆိုင်ကြောင်း အထောက်အထား အပြည့်အစုံ ရှိတယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။