နောက်ထပ်ငလျင်တွေ လှုပ်ဖို့ ရှိသလား

  • 28 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ၂၀၁၂ခုနှစ်တုန်းက လှုပ်ခဲ့တဲ့ ငလျင်ဒဏ်ကြောင့် လူ သေဆုံးမှုတွေ ရှိခဲ့

မြန်မာနိုင်ငံ အထက်ပိုင်း ရွှေဘိုနဲ့ သပိတ်ကျင်း မြို့ နယ်တွေမှာ ပြီးခဲ့တဲ့ ဇန္နဝါရီလ အတွင်း ငလျင်ငယ် လေးတွေ လှုပ်ခဲ့ပြီး မြန်မာနိုင်ငံ ငလျင်ကော်မတီက အဲဒီဒေသတွေမှာ နောက်ထပ် ငလျင် လှုပ်နိုင်မယ့် အလားအလာ တွေ ရှိမရှိ လေ့လာမှုတွေ လုပ်နေတယ်လို့ သိရပါတယ်။

မြေငလျင် လှုပ်ခတ်မှု သဘာဝတွေအရ ငလျင်ကြီး တွေ မလှုပ်ခင်မှာ ရှေ့ပြေး ငလျင်ငယ်လေးတွေ လှုပ်တတ်တဲ့ သဘာဝ ရှိ ပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်တုန်းက အဲဒီဒေသတွေမှာ ပြင်းအား ရစ်ခ်စတာ စကေး ၆ဒဿမ၈ အထိ လှုပ်ခဲ့ပြီး လူ၆ယောက် လောက် အထိ သေဆုံးမှုတွေလည်း ရှိခဲ့တာ ဆိုတော့ ဒီရက်ပိုင်း ရွှေဘို သပိတ်ကျင်း ဘက်မှာ ၂ရက် အတွင်း လှုပ်တဲ့ ဒီဖြစ်ရပ်ဟာ ငလျင်ကြီးတွေ မလှုပ်ခင်မှာ ရှေ့ပြေးလား ဆိုတာ စဉ်းစားစရာ ဖြစ်နေတယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံ ငလျင်ကော်မတီကတော့ အဲဒီဒေသတွေမှာ လေ့လာမှုတွေ လုပ်နေတာ ရှိပြီး အရင်က ၆လ တစ်ခါလောက်သာ လေ့လာခဲ့ပေမယ့် အခုတော့ ၂လ တစ်ခါ လောက် လေ့လာမှုတွေ လုပ်နေတယ်လို့ ငလျင် ကော်မတီ အတွင်းရေးမှူး ဦးစိုးသူရထွန်း က ပြော ပါတယ်။

ရွှေဘိုနဲ့ သပိတ်ကျင်းတွေဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ငလျင်ကြော တစ်ခုနားမှာ တည်ရှိနေပြီး စစ်ကိုင်း ပြတ်ရွေ့ကြောနဲ့ ဆက်စပ်နေတယ်လို့ ပညာရှင်တွေက ပြောပါတယ်။

ငလျင်တွေရဲ့ သဘာဝအရ ဘယ်တော့ လှုပ်မယ် ဆိုတာကို ကြိုပြောလို့ မရနိုင် ပေမယ့် ငလျင်ကြောတွေ ရှိနေတဲ့ ဒေသတွေပေါ်က အဆောက်အဦးတွေ၊ စီမံကိန်းကြီးတွေကို ငလျင်ဒဏ် ကနေ ကာကွယ်ဖို့ ကိုတော့ ကြိုပြီး ပြင်ထားကြဖို့ လိုမယ်လို့ ဆိုပါတယ်။