အမ်းက CNPC ကြားစခန်းမှာ မီးလောင်

  • 27 ဇန်နဝါရီ 2014
rakhine map ဓာတ်ပုံ မူပိုင် bbc
Image caption ရခိုင် ပြည်နယ်ကို တရုတ် ရေနံ ပိုက် ဖြတ်သန်း

တနင်္ဂနွေ နေ့ညက ရခိုင်ပြည်နယ် အမ်းမြို့နယ် ဆင်ခုံးတိုင် ရွာမှာ CNPC တရုတ် ရေနံ ဓာတ်ငွေ့ ကုမ္ပဏီ တရုတ် ဝန်ထမ်း တွေနဲ့ မြန်မာ ဝန်ထမ်း တွေကြား အချင်းများ ရာက မီးရှို့မှု ဖြစ်ပွားခဲ့ပါတယ် ။

ကုမ္ပဏီ ဝန်ထမ်း အိမ်ရာ အပေါ်ထပ်က တရုတ် ဝန်ထမ်းက အောက်ကို ရေသွန် ရာက အောက်က မြန်မာ ဝန်ထမ်းကို စင်ပြီး အငြင်းပွားမှု စတင်တာလို့ RNDP ပါတီ ဗဟို အလုပ်အမှုဆောင် အမ်းမြို့က မသွယ်သွယ်စိုးက ဘီဘီစီကို ပြောကြား ပါတယ်။

မြန်မာ ဝန်ထမ်း တွေက ထွက်ပြေးတဲ့ တရုတ် ဝန်ထမ်းနောက် လိုက်ရင်း တရုတ် အင်ဂျင်နီယာ တယောက်ရဲ့ အိမ်နဲ့ ဓာတ်ဆီ ပီပါ တလုံး ၂ လုံးကို မီးရှို့ ဖျက်ဆီး ခဲ့တယ်လို့ သိရပါတယ်။

အခင်း ဖြစ်ရာကို ရဲက သန်းခေါင်ယံ လောက်မှာ ရောက်လာပြီး မြန်မာ ဝန်ထမ်း တွေကို ဖမ်းဆီး ခေါ်ဆောင် သွားတယ်လို့ မသွယ်သွယ်စိုးက ပြောပါတယ်။

ဆင်ခုံးတိုင် ရွာ အခြေအနေ တည်ငြိမ် နေပြီး တရုတ် ဝန်ထမ်း တွေကတော့ တခြား ရွာက ကုမ္ပဏီ ကြားစခန်း တခုမှာ စုဝေး နေပြီး သူတို့ အတွက် လုံခြုံရေး ပေးထားတယ် လို့လည်း သိရပါတယ်။

ဒီလို အချင်းများမှု မျိုး အမ်းဘက်မှာ အရင်က မဖြစ်ပွား ခဲ့ပေမယ့် လုပ်ခ လစာ ဖြတ်ယူ တာတွေနဲ့ လက်အောက် ဝန်ထမ်း တွေကို မချေမငံ ဆက်ဆံတာ၊ ပိုက်လိုင်း ဖြတ်ရာ လမ်းက ယာမြေ တွေကို သိမ်းယူတာလို ပြဿနာ တွေ ရှိနေကြောင်း ဒေသခံ တွေ ဘက်က ပြောပါတယ်။

အမ်းမြို့နယ်က တပ်မတော် စစ်ဘက် လုံခြုံရေး အရာရှိ တယောက် ကို ဆက်သွယ် မေးကြည့်ရာမှာတော့ အမှု ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေး နေတယ် လို့ပဲ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ