မြန်မာပြည်ရောက် ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနဲ့ အင်တာဗျူး

  • 27 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ကမ္ဘာ့ဘဏ် ဥက္ကဋ္ဌနဲ့ မြန်မာ ကျန်းမာရေးဝန်ကြီး

ကမ္ဘာ့ဘဏ်က မြန်မာနိုင်ငံကို ဒေါ်လာ သန်း ၂ ထောင် ရင်းနှီးမြုပ်နှံမှု အကူအညီ ပေးသွားမယ်လို့ ကြေညာခဲ့ပါတယ်။ မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ကမ္ဘာ့ ဘဏ် ဥက္ကဋ္ဌ Jim Yong Kim က ဒီငွေတွေကို အဓိက ကျန်းမာရေး စောင့်ရှောက်မှုနဲ့ လျှပ်စစ် စွမ်းအင်ရရှိရေး ကဏ္ဍတွေမှာ သုံးသွားမယ်လို့ ပြောပါတယ်။

သူ့ကို ရန်ကုန်က ဘီဘီစီ သတင်းထောက် ဂျိုနာ ဖစ်ရှာက သီးသန့် မေးမြန်းခွင့်ရခဲ့ ပါတယ်။ ဘာလို့ ရင်းနှီးမြုပ်နှံရေးမှာ ကျန်းမာရေးနဲ့ စွမ်းအင်ကို ဦးစားပေးတာလဲဆိုတော့ ။

ဖြေ။ စွမ်းအင်ရရှိရေးက ဒီနိုင်ငံအတွက် သိပ်အရေးကြီးပါတယ်၊ မြန်မာနိုင်ငံထဲမှာ ပြည်သူ အနည်းစုကပဲ လျှပ်စစ်လို စွမ်းအင်တွေ ပြည့်ပြည့်ဝဝ ရကြတယ်၊ ဂျပန်၊ ကိုရီးယား နဲ့ တရုတ်လို နိုင်ငံတွေက ကုမ္ပဏီကြီးတွေ ဒီမှာ လာ ရင်းနှီးမြုပ်နှံချင်ကြပေမယ့် လျှပ်စစ် မီးရရေး ပြဿနာ တွေကြောင့် လာဖို့ တွန့်နေကြရတယ်။ ပုဂ္ဂလိက စီးပွားရေး လုပ်ငန်းတွေလည်း မီးမရလို့ မဖွံ့ဖြိုးနိုင်ဘူး ဖြစ်နေတယ်။ ကျန်းမာရေးကတော့ မြန်မာအစိုးရကလည်း ဦးစားပေး အဆင့်မှာ ထားနေတယ်၊ နောက်ပြီး ကမ္ဘာမှာ ကြည့်ပါ၊ ထွန်းသစ်စ စီးပွားရေး နိုင်ငံတွေ ကြည့်ရင်လည်း သူတို့ရဲ့ တိုးတက်မှုရဲ့ ၂၅ ရာခိုင်နှုန်းလောက်က ပြည်သူ့ ကျန်းမာရေးအစီအစဉ် ကြောင်းလို့ဆိုတာ တွေ့ရပါတယ်၊ ကျန်းမာရေး ကဏ္ဍမှာ တဒေါ်လာ ရင်းနှီးမြုပ်နှံရင် အနှစ် ၂၀ လောက်အတွင်းမှာ ဒေါ်လာ ၂၀ အထိ ဖြစ်လာနိုင်ပါတယ်။ ဒါကြောင့် သိပ် လုပ်သင့်တဲ့ ရင်းနှီးမြုပ်နှံမှုပါ။ ဒါကြောင့် မြန်မာနိုင်ငံအတွက် အရေးကြီးလှတဲ့ ဒီ ကဏ္ဍ ၂ ခုမှာ ရင်းနှီးမြုပ်နှံမှုကြီးတွေ ကျွန်တော်တို့ စလုပ်ပေးနေတာပါ။ အဲဒီကနေမှာ ဖွံ့ဖြိုးမှု ကြီးကြီးမားမားတွေ ဆက်ဖြစ်လာမယ်လို့ ယုံကြည်ပါတယ်။

မေး။ မြန်မာနိုင်ငံမှာ အပြောင်းအလဲ ကြီးတွေ ဖြစ်နေပေမယ့် လူ့အခွင့်အရေး ပြဿနာတွေလည်း ရှိနေသေးတော့ အခုလို အခြေအနေမှာ ဒီလောက်များတဲ့ ငွေတွေ သုံးလိုက်တာနဲ့ ပတ်သက်လို့ စိုးရိမ်မှုတွေ မရှိဘူးလား။

ဖြေ။ လူ့အခွင့်အရေး ပြဿနာတွေဆိုတကတော့ ကမ္ဘာ့ ဘယ်နေရာမှာပဲ ဖြစ်ဖြစ် ကျွန်တော်တို့ စိုးရိမ်ပါတယ်၊ ဒါကြောင့် ပြဿနာတွေ ရှိလာရင် လေးလေးနက်နက် စုံစမ်းစစ်ဆေးပါလို့ ကျွန်တော်တို့ မြန်မာ အစိုးရကိုလည်း ပြောပါတယ်။ ဒါပေမယ့် တဖက်မှာလည်း မြန်မာအစိုးရလို ပြုပြင်ပြောင်းလဲရေးတွေ ကြီးကြီးမားမား လုပ်နေတဲ့ နိုင်ငံကို နိုင်ငံတကာ အသိုင်းအဝိုင်းက အကူအညီပေးဖို့ အသင့်ပဲ ဆိုတာကိုလည်း ပြချင်ပါတယ်။ ပြောချင်တာက နိုင်ငံတကာ ရင်းနှီးမြုပ်နှံမှုတွေကြောင့် ဖွံ့ဖြိုးမှုတွေ အရှိန်ရလာပြီး စပြီးတွေ့နေရတဲ့ အပြောင်းအလဲ တွေလည်း ပိုမို အားကောင်းလာစေဖို့ ရည်ရွယ်ပါတယ်။

မေး။ အခုပေးတဲ့ ငွေမှာ စည်းကမ်းချက် ထားတာမျိုးပါပါသလား၊ အစိုးရက ပြုပြင်ပြောင်းလဲရေးတွေ ဆက်မလုပ်ရင် ငွေတွေ ပြန်ပေးရမှာလား။

ဖြေ။ လုပ်ငန်းတွေ တိုးတက်မှုကိုတော့ ကျွန်တော်တို့ ဂရုစိုက် စောင့်ကြည့်သွားမှာပါ၊ ကျန်းမာရေး ကဏ္ဍ တိုးတက်အောင်လုပ်ရမယ့် လုပ်ငန်းတွေကို ကူညီဖို့ကတော့ ကျွန်တော်တို့ မဖြစ်မနေ လုပ်ပေးသွားဖို့ သန္နိဋ္ဌာန် ချထားပါတယ်။ ပြုပြင် ပြောင်းလဲရေးတွေ ဆက်တိုက် ဖြစ်နေအောင်လည်း အစိုးရနဲ့ ကျွန်တော်တို့ အဆက်မပြတ် ဆွေးနွေးနေမှာပါ၊ ဒီ လုပ်ငန်းတွေ အရှိန်အဟုန်နဲ့ တိုးတက်မှုတွေ ဆက်ရှိနေမယ်လို့ ကျွန်တော်ကတော့ မျှော်လင့်ချက် အများကြီးရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ