ဖားအံညီလာခံ မတိုင်ခင် အစိုးရနဲ့ တိုင်းရင်းသားတွေ ထပ်တွေ့

  • 28 ဇန်နဝါရီ 2014
Minister U Aung Min ဓာတ်ပုံ မူပိုင် AFP
Image caption ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့ တိုင်းရင်းသားတွေနဲ့ ဆွေးနွေးမယ်

မြန်မာ အစိုးရ ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်း ကော်မီတီ ဒုတိယ ဥက္ကဋ္ဌ ဝန်ကြီး ဦးအောင်မင်း ဦးဆောင်တဲ့ အဖွဲ့နဲ့ NCCT တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များရဲ့ တစ်နိုင်ငံလုံး အပစ်ရပ်ရေး ဆိုင်ရာ ညှိနှိုင်းရေး ဦးဆောင် အဖွဲ့တို့ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ဆွေးနွေးကြမှာ ဖြစ်ပါတယ်။

ဇန်နဝါရီလ ၂၉ ရက် ဗုဒ္ဓဟူးနေ့မှာ ပြုလုပ်မယ့် ဆွေးနွေးမှုဟာ တိုင်းရင်းသားတွေရဲ့ ကေအန်ယူနယ်မြေ လော်ခီးလာ ခေါ် လေးဝါး ဆွေးနွေးပွဲ ပြီးရင် ဘားအံညီလာခံ မတိုင်ခင် လိုအပ်သလို ဆက်လက် တွေ့ဆုံ ဆွေးနွေးကြဖို့ နှစ်ဘက် သဘောတူထားချက် အတိုင်း ဆွေးနွေးကြမှာ ဖြစ်တယ်လို့ ဆွေးနွေးပွဲ တက်ဖို့ ချင်းမိုင်မှာ ရောက်နေတဲ့ MPC မြန်မာ ငြိမ်းချမ်းရေး စင်တာက ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီဆွေးနွေးပွဲဟာ တစ်နိုင်ငံလုံးဆိုင်ရာ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ဖို့ လိုအပ်တဲ့ အချက်တွေကို ဖားအံပွဲ မတိုင်ခင် ကြိုတင်ပြင်ဆင်တဲ့ပွဲ ဖြစ်ပြီး လော်ခီးလာမှာ တိုင်းရင်းသားတွေ ဘက်က ထပ်မံ စဉ်းစား ထားတာတွေကို ထည့်သွင်း ဆွေးနွေးကြမယ်လို့ သူက ပြောပါတယ်။

NCCT ဘက်က ဦးနိုင်ဟံသာ ကတော့ လော်ခီးလာ ဆွေးနွေးပွဲမှာ တိုင်းရင်းသား အဖွဲ့တွေ လက်မှတ်ရေးထိုး ခဲ့ကြတဲ့ အချက် ၁၁ ချက်ပါ သဘောတူညီချက်ကို နှစ်ဘက်စလုံးက သဘောတူ လက်ခံနိုင်တဲ့ စာတမ်း တစ်ခု ဖြစ်အောင် ညှိနှိုင်း ကြမယ်လို့ ပြောပါတယ်။

အစိုးရ ဘက်နဲ့ အကြိတ်အနယ် ဆွေးနွေးဖို့ ဖြစ်နိုင်တာတွေ ကတော့ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေးနဲ့ တဆက်တည်း ပြည်ထောင်စုတပ်မတော် ဘယ်လို တည်ဆောက် မလဲဆိုက အဓိက ဖြစ်နိုင်ပြီး တိုင်းရင်းသားတွေ ဘက်က ခေါ်စေချင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ ဆိုတဲ့ စကားအသုံးအနှုံးတွေနဲ့ စစ်တပ်ပိုင်း ဆိုင်ရာ ကိစ္စတွေ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ချင်းမိုင်ဆွေးနွေးပွဲမှာ ညှိနှိုင်းလို့ မပြီးပြတ်ရင် တိုင်းရင်းသား အဖွဲ့တွေကို ရန်ကုန် လာဖို့ ဝန်ကြီး ဦးအောင်မင်းက ဖိတ်ခေါ်ပြီး ဆက်ဆွေးနွေး နိုင်ဖွယ် ရှိတယ်လို့ ဦးလှမောင်ရွှေက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ