ဒူချီရာတန်း အနောက်ရွာမှာ မီးလောင်မှု ဖြစ်ပွား

  • 28 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ယခင် မီးလောင်မှု ဖြစ်ပွားတုန်းက မြင်ကွင်းတခု

မောင်တော မြို့နယ် ဒူချီရာတန်း အလယ်ရွာမှာ မွတ်ဆလင်တွေ အစုလိုက် သတ်ဖြတ်ခံ ရတယ် ဆိုတဲ့ သတင်းနဲ့ ပတ်သက်ပြီးမနေ့က ရန်ကုန် မြို့ နိုင်ငံခြားရေးရုံးမှာ အစိုးရ သတင်းစာ ရှင်းလင်းပွဲ လုပ်ခဲ့ပါတယ်။

ညပိုင်းမှာတော့ တိုက်တိုက်ဆိုင်ဆိုင်ပဲ အစ္စလာမ် ကျေးရွာ တရွာ ဖြစ်တဲ့ ဒူချီရာတန်း အနောက်ရွာမှာ မီးလောင်မှု ဖြစ်ပွားခဲ့လို့ အိမ်တချို့ ပါသွားခဲ့ပါတယ်။

မီးသတ်ကားနဲ့ အတူ မီးလောင်ပြင်ကို ရောက်ရှိသွားတဲ့ မောင်တော မြို့နယ် အုပ်ချုပ်ရေးမှူး ဦးကြည်စန်းကို အခင်း ဖြစ်ပွားပုံ အကြောင်း မေးကြည့်တဲ့ အခါ မနေ့ ဇန္နဝါရီ ၂၈ ရက်နေ့ည ၈နာရီ ၄၅မိနစ် က စလောင်တာ ဖြစ်ပြီး ဘာကြောင့် လောင်တာလဲ ဆိုတာကို အတိအကျ မသိရသေးဘူး ၊ ဒါပေမယ့် အိမ်အောက်မှာ ထင်းပုံတွေ တွေ့တယ် ၊ ရှို့မီးလို့ ယူဆကြောင်း သူက ပြောပါတယ်။

ဒါ့အပြင် ထိခိုက် ဒဏ်ရာရမှုတွေ မတွေ့ရသလို ရွာသားတွေလည်း တယောက်မှ မရှိဘူးလို့ သူက ဆိုပါတယ်။

အိမ်ကြီး ၄ လုံး အိမ်သေး ၁၂လုံး မီးထဲ ပါသွားတာကြောင့် အားလုံး အိမ် ၁၆လုံး မီးထဲ ပါသွားတာ ဖြစ်တယ်လို့ သူက ရှင်းပြပါတယ်။

အခင်းဖြစ်တဲ့နေရာကို သူတို့ အဖွဲ့တွေ ၉နာရီ မိနစ် ၂ဝ မှာ ရောက်ရှိ ခဲ့တာ ဖြစ်ပြီး ည ၁၀ နာရီ ၁၀ မိနစ်မှာ မီးညွှန့်ကျိုးသွားတယ်လို့ သူက ပြောပါတယ်။

သူတို့ရောက်လာချိန်မှာ ဘယ်သူမှ မတွေ့ဘဲ ရွာထဲမှာ အမျိုးသမီး တယောက်သာ ရှိတယ်လို့ ဆိုပါတယ်။

ဘယ်အိမ်က စလောင်တာလဲ ဆိုတာဘဲ သိပြီး ဘာကြောင့်လောင်တာလဲ ဆိုတာကို အဲဒီ အမျိုးသမီးက မပြောနိုင်ဘူးလို့ သူက ရှင်းပြပါတယ်။

ဒါ့အပြင် ဘေးပတ်ဝန်းကျင်က ဘယ်သူမှ လာပြီး ကူညီတာ မရှိသလို အခုအချိန်မှာ မှောင်နေတော့ ဘယ်သူမှလည်း မတွေ့ဘူးလို့ ဦးကြည်စန်းက ပြောပါတယ်။

အရင်ကလည်း ပေါ့ဆမီးတွေ လောင်ဖူးပေမယ့် ဘေးအိမ်တွေက ဝိုင်းငြိမ်းပေးလေ့ရှိတာကြောင့် အခုလောက် အိမ်အများအပြား မီးထဲပါလေ့ မရှိဘူးလို့ သူက ဆိုပါတယ်။

အခုတကြိမ်မှာ ထူးဆန်းတာက ဝိုင်းမငြိမ်းဘဲ ထိပ်ဖက်က စလောင်တာ နှစ်လုံး အလယ်က လေးလုံးနဲ့ ဟိုဖက်က အနောက်က အိမ် ၁ဝလုံး လောင်တာ ဖြစ်တဲ့ အပြင် အိမ်တွေအောက်မှာ ထင်းပုံကြီးတွေ တွေ့၇တယ် ၊ ဒီထင်းပုံတွေဟာလည်း သုံးဖို့ မဖြစ်နိုင်ဘူး ၊ အိမ်ကြီး အိမ်ကောင်းတွေ အောက်မှာ ဘယ်သူမှ သုံးဖို့ ထင်းပုံတွေ ထားလေ့ မရှိဘူးလို့ အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီ အရပ်မှာ လောင်စာ သုံးတာ ရှိမရှိ အခုမှ မီးစက်တွေနဲ့ ရှာဖွေ စစ်ဆေးဖို့ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

ရွာထဲက လူတွေ ထွက်ပြေးတယ် ဆိုတာဟာလည်း ရန်မူလို့ ထွက်ပြေးတာ မဖြစ်နိုင်သလို ရန်မူစရာ အကြောင်းလဲ မရှိဘူးလို့ ဦးကြည်စန်းက ပြောပါတယ်။

အခုတော့ လုံခြုံရေး ချထားရမယ် ၊ ရွာမှာ လူလည်းမရှိ ၊ မီးညွှန့်ကျိုးလို့ မီးလောင်ပြင် ရှင်းလင်းရေး အတွက် လုံခြုံရေး ထားဖို့ လိုတယ်လို့ အုပ်ချုပ်ရေးမှူး ဦးကြည်စန်းက ရှင်းပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ