လွှတ်တော်နဲ့ သမ္မတအကြား အငြင်းပွားနေမှု

  • 28 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption လွှတ်တော်နဲ့ သမ္မတအကြား မပြေမလည် ဖြစ်နေမှု ပိုကြီးထွား လာနေ

ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်လို့ လွှတ်တော်နဲ့ သမ္မတ အကြား မပြေမလည် ဖြစ်နေတဲ့ ကိစ္စကို သမ္မတဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ခုံရုံးရဲ့ အဆုံးအဖြတ်ကို ရယူသွားမယ်လို့ အစိုးရ သတင်းစာတွေမှာ ဖေါ်ပြထားပါတယ်။

ဒီဥပဒေကြမ်းဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနဲ့ မကိုက်ညီတာတွေ၊ ဒီမိုကရေစီ ကျင့်စဉ် မညီတဲ့ အချက်တွေ ပါနေတဲ့ အတွက် ဆိုပြီး သမ္မတက လက်မှတ်မထိုးပဲ အချက် ၁၆ ချက်ကို ပြန်ပြင်ဆင်ဖို့ မှတ်ချက် ပေးထားတာကို ပြည်ထောင်စု လွှတ်တော်က အချက် ၂ ချက်ကိုသာ ပြင်ဆင်ပြီး ကျန် ၁၄ ချက်ကို မူလ အတိုင်း ထားရှိခဲ့တာ ဖြစ်ပါတယ်။

အခုလို သမ္မတဘက်ကနေ သတင်းစာထဲကနေတဆင့် သတင်း ထုတ်ပြန်တာဟာ သင့်တော်တဲ့ အလုပ် မဟုတ်ဘူးလို့ လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ဘီဘီစီကို ပြောပါတယ်။

ဥပဒေ ပြုတဲ့အလုပ်မှာ သမ္မတရဲ့ အခန်းကဏ္ဍကို ကြည့်မယ် ဆိုရင် ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ် လက်မှတ် ရေးထိုးထားတဲ့ ဥပဒေကြမ်းကို ပြန်လည် စိစစ်ဖို့ သမ္မတက ပြောပိုင်ခွင့် ရှိကြောင်း၊ အဲဒီကနေ နောက်တကြိမ် ပြန်ပို့လိုက် တာကို သမ္မတ အနေနဲ့ လက်မှတ် ရေးထိုး အတည်ပြုပြီး ဥပဒေ ထုတ်ပြန်ရမှာ ဖြစ်ကြောင်း၊ အဲဒီလို မကြိုက်တာတွေ လက်မှတ်မရေးထိုးနိုင်တာတွေကို သတင်းစာမှာ အခုလို ထုတ်ပြန်ပြီး လွှတ်တော်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်အောင် လုပ်ဖို့ကိုတော့ သမ္မတကို အခွင့်အာဏာ ပေးထားတာမျိုး မရှိဘူးလို့ ဦးဘရှင်က ပြောပါတယ်။

ဒါပေမယ့်လည်း အဲဒီလို သတင်းစာမှာ ထုတ်ပြန်တာမျိုး မလုပ်ဖို့ ဥပဒေအရ တားထားတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။

ပြည်ထောင်စု လွှတ်တော်က ပထမအကြိမ် အတည်ပြုလိုက်တဲ့ ဥပဒေကို သမ္မတဆီ ပို့လိုက်ရင် ၁၄ရက်အတွင်း သမ္မတက လက်မှတ် ရေးထိုးရမှာ ဖြစ်ကြောင်း၊ လက်မှတ် မရေးထိုးနိုင်ဘူး ဆိုရင်လည်း အဲဒီ ၁၄ရက်အတွင်း သဘောထား မှတ်ချက် ပေးရမှာ ဖြစ်ကြောင်း၊ သမ္မတရဲ့ သဘောထားကို ပြည်ထောင်စု လွှတ်တော်က လိုက်လျောသည် ဖြစ်စေ၊ မလိုက်လျောသည် ဖြစ်စေ ပြည်ထောင်စု လွှတ်တော်က ထပ်မံ အတည်ပြုပြီးတဲ့ ဥပဒေကို သမ္မတက ၇ရက်အတွင်း လက်မှတ် ရေးထိုး ထုတ်ပြန်ပေးရမှာ ဖြစ်ကြောင်း၊ တကယ်လို့ သမ္မတက လက်မှတ်ရေးထိုး အတည်ပြုတာမျိုး မရှိရင်လည်း ဒီဥပဒေကတော့ အတည် ဖြစ်သွားမှာ ဖြစ်ကြောင်း ဦးဘရှင်က ရှင်းပြပါတယ်။

အခု ပြည်ထောင်စု လွှတ်တော် ဆိုင်ရာ ဥပဒေကို ပြင်ဆင်တဲ့ ဥပဒေကြမ်းဟာလည်း ဥပဒေ အတည် ဖြစ်သွားပြီ ဖြစ်တဲ့အကြောင်း လွှတ်တော် ဥပဒေကြမ်း ကော်မတီ အဖွဲ့ဝင် ဦးဘရှိန်က ပြောပါတယ်။