ဗြိတိန် နိုင်ငံခြားရေး ဒုဝန်ကြီး ကချင် ပြည်နယ်သွား

  • 29 ဇန်နဝါရီ 2014
hugoswire_dassk_reuters ဓာတ်ပုံ မူပိုင် Reuters
Image caption ဗြိတိန် နိုင်ငံခြားရေး ဌာန ဒုတိယ ဝန်ကြီးက ဒေါ်အောင်ဆန်း စုကြည်နဲ့ တွေ့ခဲ့

မြန်မာ နိုင်ငံကို ရောက်နေတဲ့ ဗြိတိန် နိုင်ငံခြားရေးနဲ့ ဓန သဟာယ ရေးရာ ဒုတိယ ဝန်ကြီး ဟူဂို ဆွိုင်ယာ Hugo Swire ဟာ ဇန်နဝါရီလ ၂၉ ရက်နေ့ ဗုဒ္ဓဟူးနေ့က ကချင် ပြည်နယ်ကို သွားရောက်ခဲ့ ပါတယ်။

ဝိုင်းမော် မြို့နယ် စိန့်အန်ဒရူး ကက်သလစ် ဒုက္ခသည် စခန်းကို သွားရောက်ခဲ့တဲ့ အပြင် ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်တွေ၊ ဒုတိယ ကမ္ဘာစစ် အတွင်း ဗြိတိသျှ စစ်တပ်မှာ စစ်မှုထမ်း ခဲ့တဲ့ စစ်ပြန်ကြီးတွေနဲ့ မိသားစုကို သွားရောက် တွေ့ဆုံခဲ့ ပါတယ်။

ဝန်ကြီးနဲ့ အဖွဲ့ဟာ မြစ်ကြီးနားမြို့က ကချင် နှစ်ချင်း ခရစ်ယာန် အသင်းချုပ်ကို သွားခဲ့ရာမှာ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ဘာသာရေးခေါင်းဆောင်တွေရဲ့ အမြင်ကို မေးခဲ့တယ်လို့ နှစ်ချင်း အသင်းတော်ရဲ့ အထွေထွေ အတွင်းရေးမှူး ဆရာ ဆမ်းဆမ်က ပြောပါတယ်။

ဒါ့အပြင် စစ်ပွဲ တွေကြောင့် အိုးအိမ်စွန့်ခွာ ခဲ့ကြရသူ တွေကို ကူညီနေတဲ့ အခြေ အနေ၊ ဗြိတိန်နဲ့ မြန်မာ့ တပ်မတော် ဆက်ဆံရေးမှာ ပြည်သူတွေရဲ့ အမြင် စတာတွေ လာရောက် လေ့လာတာဖြစ်တယ်လို့ လည်း သူက ပြောပါတယ်။

ကချင်တိုင်းရင်းသားတွေ ဘက်က စစ်မှန်တဲ့ ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြန်ပြောလိုက်တယ်လို့ ဆရာ ဆမ်းဆမ်က ပြောပါတယ်။

ဒုတ်ယ ဝန်ကြီးနဲ့ အတူ လိုက်ပါလာတဲ့ မြန်မာနိုင်ငံဆိုင်ရာ ဗြိတိသျှ စစ်သံမှူးကတော့ မြန်မာ စစ်တပ်ကို ပြည်သူတွေနဲ့ ဘယ်လို ဆက်ဆံရမယ်၊ လူသားချင်း စာနာတဲ့ အကူအညီတွေ ပေးတဲ့ အခါ ဘယ်လို ဆက်သွယ် လုပ်ဆောင် ရမယ်ဆိုတာ သူတို့က သင်တန်းတွေ ပေးမှာ ဖြစ်ပြီး တိုက်ခိုက်ရေး စစ်ဆင်ရေးတွေ လုံးဝ မပါကြောင်း ပြောတာ ကိုလည်း သူက ပြန်ပြောပြ ပါတယ်။

အင်္ဂါနေ့ကတော့ ဒုတိယ ဝန်ကြီး ဟူဂို ဆွိုင်ယာက အန်အယ်လ်ဒီ ဥက္ကဌ ဒေါ်အောင်ဆန်း စုကြည်ကိုရော အစိုးရ တာဝန်ရှိသူတွေနဲ့ပါ သီးခြားစီ တွေ့ဆုံ ဆွေးနွေးခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ