ဗြိတိန် ဒုဝန်ကြီး ပုဒ်မ ၅၉ စ ပြင်စေချင်

  • 30 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဗြိတိသျှကောင်စီမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ဟူဂိုဆွိုင်ယာ မိန့်ခွန်းပြော

မြန်မာနိုင်ငံကို ရောက်နေတဲ့ ဗြိတိန် နိုင်ငံခြားရေး ဒု ဝန်ကြီး ဟူဂို ဆွိုင်ယာ က ဒေါ်အောင်ဆန်း စုကြည် သမ္မတ ဖြစ်ခွင့် မရှိအောင် ကန့်သတ် ထားတဲ့ အခြေခံ ဥပဒေ ပုဒ်မ (၅၉)စ ကို ပြင်ဆင်ဖို့ လိုတယ်လို့ သတင်းထောက် တွေကို ပြောခဲ့ပါတယ်။

ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက သမ္မတဖြစ်ခွင့် ရာထူးနဲ့ စပ်လျဉ်းတဲ့ ပုဒ်မ (၅၉)စ ကို ပြင်ဆင်ဖို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ဗြိတိန်နိုင်ငံခြားရေးဒု၀န်ကြီး ဟူဂိုဆွိုင်းယားက ရန်ကုန်မှာ ပြုလုပ်တဲ့ 'The UK and Burma in 2014'ခေါင်းစဉ် နဲ့ ပြောကြားတဲ့ အခမ်းအနားမှာ ပြောလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ၂၀၁၅ ရွေးကောက်ပွဲ မှာ လွှတ်တော် (၂) ရပ်လုံးမှာ အပြတ်အသတ် အနိုင်ရခဲ့ရင် တောင်မှ သူ့ကို သမ္မတ ဖြစ်မလာအောင် ဒီပုဒ်မ က ဟန့်တား ထားတဲ့ သဘော ရှိနေပါတယ်။ ဒီအချက်ဟာ ၁၉၄၇ နဲ့ ၁၉၇၄ ဖွဲ့စည်းပုံ ဥပဒေ အဟောင်း တွေမှာ မပါရှိခဲ့ပေမယ့် ၂ဝဝ၈ ဖွဲ့စည်းပုံ ဥပဒေထဲ ကျမှ ထည့်သွင်း ရေးဆွဲ ထားတာပါ။ ဒါဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် မှာရေးဆွဲ ရမယ့် နည်းလမ်း မဟုတ်ပါဘူး ဟူဂိုဆွိုင်းယားက ပြောသွားပါတယ်။

မြန်မာ အစိုးရ ပြောရေးဆိုခွင့် ရှိသူကတော့ နိုင်ငံတစ်ခုရဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးဟာ သူ့နိုင်ငံရဲ့ ပြည်တွင်းရေး ကိစ္စသာ ဖြစ်တဲ့ အတွက် တခြား နိုင်ငံက ဝင်ပြောစရာ အကြောင်း မရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီး ဆွိုင်းယားက ဖွဲ့စည်းပုံ ကိစ္စ အပြင် မြန်မာနိုင်ငံ ပြုပြင် ပြောင်းလဲရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေနဲ့ ရခိုင်ပြည်နယ် အရေးကိစ္စ တို့ကိုလည်း အလေးပေး ပြောခဲ့ပါတယ်။

သတင်းထောက် တွေနဲ့ စိတ်ဝင်စားသူတွေ တက်ရောက် ကြတဲ့ အခမ်းအနားကို ရန်ကုန် တက္ကသိုလ် စိန်ရတု ခန်းမမှာ ကျင်းပဖို့ စီစဉ် ထားခဲ့ပေမယ့် တက္ကသိုလ် ဘက်က လက်မခံတဲ့ အတွက် ဗြိတိသျှ ကောင်စီမှာ နေရာ ပြောင်း လုပ်ခဲ့ရပါတယ်။

တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီနဲ့ တချို့ သူတွေက ဒီပုဒ်မကို တစ်တယောက်တည်း အတွက် ပြင်ဖို့မသင့်ဘူးလို့ ပြောနေကြ သလို သောကြာနေ့ လွှတ်တော်မှာ ဆွေးနွေးမယ့် အခြေခံဥပဒေ ပြင်ဆင်ရေး ကို လူထုက စိတ်ဝင်တစား စောင့်ကြည့် နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ