အစီရင်ခံစာ ဇယားအရ ဖွဲ့စည်းပုံ ပြင်ရေး ထောက်ခံသူများပြား

  • 31 ဇန်နဝါရီ 2014
Image caption အခြေခံ ဥပဒေကို ဘယ်လို ပြင်ဆင်သင့်တယ် ဆိုတာကို ဖော်ပြထားခြင်း မရှိ

ဇန်နဝါရီလ ၃၁ ရက်နေ့က ပြည်သူ့ လွှတ်တော်မှာ တင်သွင်း ခဲ့တဲ့ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ လေ့လာရေး ကော်မတီရဲ့ အခြေခံ ဥပဒေပြင်ရေး ဆိုင်ရာ အစီရင်ခံစာ အရ သမ္မတ ဖြစ်ရေး ကန့်သတ်ချက်တွေနဲ့ စစ်တပ် အခန်း ကဏ္ဍ ပြင်ဆင်ရေးကို အခိုင်အမာ ထောက်ခံမှုတွေ ရှိတယ်လို့ အစီရင်ခံစာက ပြနေ ပါတယ်။

အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ် တဦးချင်း ဆီက သောင်းနဲ့ချီတဲ့ အမြင် သဘောထားတွေကို အခြေခံ ဥပဒေ လေ့လာရေး ကော်မတီက လက်ခံရရှိပြီး အစီရင်ခံစာ ရေးသားခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် အခြေခံဥပဒေကို ဘယ်လို့ ပြင်ဆင်သင့်တယ် ဆိုတဲ့ အကြောင်းကိုတော့ ထည့်သွင်း ဖော်ပြ ထားခြင်းမရှိပါဘူး။

ဖွဲ့စည်းပုံ လေ့လာ သုံးသပ်ရေး ကော်မီတီမှာ အန်အယ်လ်ဒီ ပါတီရဲ့ ကိုယ်စားလှယ် အဖြစ်ပါတဲ့ ဦးဝင်းမြင့်ကတော့ လွှတ်တော် ကော်မီတီ တစ်ရပ်ဖွဲ့ပြီး ရှေ့ဆက် ဆောင်ရွက်စရာတွေကို လုပ်ဆောင်မယ်လို့ လွှတ်တော် နာယကက ပြောကြောင်း ဘီဘီစီကို ပြန်ပြော ပါတယ်။

အဲဒီကော်မီတီက ဖွဲ့စည်းပုံမှာ ပါတဲ့ ပြင်ဆင်သင့် တာတွေ၊ ပယ်ဖျက်သင့် တာတွေကို အကြံပြုပြီး လွှတ်တော်ကို တင်ပြဖို့ တာဝန်ရှိမှာ ဖြစ်တယ်၊ အဆင့်ဆင့် လုပ်ဆောင်စရာတွေ ပြီးရင်တော့ ဘယ်ဥပဒေကို ဘယ်လို ပြင်မယ် ဆိုတာ ပြည်ထောင်စု လွှတ်တော် ကသာ ဆုံးဖြတ်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီအစီရင်ခံစာ အသေးစိတ်နဲ့ ထူးခြားချက်များ

Image caption သတ်မှတ်ရက် အတိုင်း အစီရင်ခံစာ တင်သွင်းခဲ့

အစီရင်ခံစာမှာ ဖော်ပြထားတာတွေက နည်းနည်း ရှုပ်ထွေးပါတယ်။

အကြံပြုစာ ၂ သောင်း ရှစ်ထောင်ကျော် လက်ခံရရှိတယ်လို့ ဆိုထားပြီး အခန်းအလိုက် အကြံပြုချက်တွေ ဘယ်လောက်ရတယ် ဆိုတာ ခွဲခြား ဖော်ပြထားပါတယ်။

တချို့ အခန်းတွေမှာ စုစုပေါင်း ၄ သောင်းကျော် တွေ ၃ သောင်းကျော်တွေ ပါဝင်တဲ့ အတွက် အကြံပြုစာ တစ်စောင်စီမှာ အကြံပြုချက် အများအပြား ပါဝင်မယ်လို့ ယူဆရပါတယ်။

ဘယ်ပုဒ်မကို ဘယ်လို အကြံပြုတယ် ဆိုတဲ့ အသေးစိတ်ကိုတော့ မသိရပါဘူး။

တခါ ဒီအစီရင်ခံစာက တွေ့ရှိချက်ကိုသာ ဖော်ပြတာဖြစ်ပြီး ဘာလုပ်ပါဆိုတာကို အကြံပြုချက်ပေး ထားတဲ့ အစီရင်ခံစာ အမျိုးအစားလည်း မဟုတ်ပါဘူး။

အစီရင်ခံစာမှာ ထူးခြားဆုံးကတော့ လူအများ စိတ်ဝင်တစား ရှိကြတဲ့ ပုဒ်မ လေးခုကို မပြင်ချင်ဘူးလို့ လူတစ်သိန်းကျော်က လက်မှတ် ရေးထိုးထားတာတယ် ဆိုတာကို မှတ်ချက် အနေနဲ့ ဖော်ပြထားတဲ့ အချက် ဖြစ်ပါတယ်။

အဲဒါတွေကတော့ တပ်မတော်က အမျိုးသားနိုင်ငံရေး မှာ ဦးဆောင်မှု ကဏ္ဍမှာ ရှိရမယ်၊ တပ်မတော်ကသာ လက်နက်ကိုင် အဖွဲ့အစည်းအားလုံးကို ထိန်းချုပ်မယ် ဆိုတဲ့ အခန်း ၁ ပုဒ်မ ၆ (စ)၊ သမ္မတ အရည်အချင်း သတ်မှတ်ချက် ဖြစ်တဲ့ အခန်း ၃ ပုဒ်မ ၅၉ (စ)၊ အခြေခံဥပဒေ ပြင်ဆင်ရေး အတွက် ၇၅ ရာနှုန်း အထက် ထောက်ခံမှာ ပြင်ရမယ်ဆိုတဲ့ အခန်း ၁၂ ပုဒ်မ ၄၃၆၊ မြန်မာနိုင်ငံမှာ နိုင်ငံခြား စစ်အခြေစိုက် စခန်းတွေ မချထားရဘူးဆိုတဲ့ အခန်း ၁ ပုဒ်မ ၄၂ စတာတွေကို အချက်ကိုလည်း မပြင်စေချင်ဘူးလို့ လက်မှတ်ရေးထိုး ထားတာဖြစ်ပါတယ်။

ဇယားတွေမှာ ဖော်ပြထားတဲ့ အချက်တွေကို ကြည့်ရင် ပါတီတွေ ၊ အဖွဲ့အစည်း တွေက တင်ကြတဲ့ အချက်တွေထဲမှာ ပြင်ဆင်ရေးကို သာ ဦးစားပေး ဖော်ပြကြတယ်ဆိုတာ တွေ့ရပါတယ်။

အဲဒီ တသိန်းကျော် လက်မှတ်ကို ကောက်ခံ ရယူထားတာဟာ ကြံ့ခိုင်ရေး ပါတီ ဗဟိုကော်မတီဝင် ဦးအောင်သိန်းလင်းက ရန်ကုန်တိုင်း ကောက်ခံထားတာလို့ လွှတ်တော် အမတ်တွေက ပြောပါတယ်။

ပုဒ်မ ၅၉ ၊ ၆၀ ကို ပြင်ဆင်ချင်တဲ့သူ ဆိုရင် ဇယားအရ ပြင်ချင်ဖို့ အကြံပြုချက် ၅၇၄၀ လို့ဆိုပါတယ်။ မပြင်ချင်တဲ့ အကြံပြုချက်က ၅၁ ခုလို့ ဖော်ပြထားပါတယ်။

ဒါကို ကြည့်ရင် ပါတီတွေ အဖွဲ့အစည်းတွေက တင်ပြတဲ့ အကြံပြုချက်အရ ပြင်လိုသူက များတယ်လို့ ဆိုနိုင်ပါတယ်။

ဒါပေမဲ့ မှတ်ချက်မှာ မပြင်လိုသူက လက်မှတ် တသိန်းကျော် ဆိုတာလည်း ပါနေပါတယ်။ ဒါပေမဲ့ ပြင်ဆင်ဖို့ အကြံပြုချက် ၅၇၄၀ ဆိုတာဟာ ပါတီတွေ အဖွဲ့အစည်း တွေရဲ့ အကြံပြုချက်တွေ ဖြစ်တဲ့အတွက် လူဦးရေ အရဆိုရင် ပါတီထဲက လူအများအပြားကို ကိုယ်စားပြုတယ်ဆိုတဲ့ ငြင်းခုန်ချက်လည်း ရှိနေပါတယ်။

ဒါကြောင့် ဒါကတွေကတော့ လွှတ်တော်ထဲမှာ အကြိတ်အနယ် ဆွေးနွေး စရာ ဖြစ်ကောင်းဖြစ်လာနိုင်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ