မြေလတ်ဒေသ တောင်သူလယ်သမားများ ညီလာခံ

  • 31 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် bbc
Image caption လယ်သမားအရေး လယ်သမားတွေ ကိုယ်တိုင် ဆောင်ရွက်ဖို့ သမဂ္ဂဖွဲ့ပြီ

တောင်သူလယ်သမားအရေးတွေကို သူတို့ကိုယ်တိုင် ဦးဆောင်လုပ်နိုင်ဖို့ မြေလတ်ဒေသ တောင်သူလယ်သမားများညီလာခံကို မကွေးမြို့မှာ ဇန္နဝါရီ ၃၁ ရက်က လုပ်ခဲ့ကြပါတယ်။

ဒီပွဲကို တောင်သူလယ်သမား နှစ်ရာကျော်တက်ရောက်ပြီး လုပ်ငန်းဖေါ်ဆောင်ရေးအဖွဲ့အတွက် သမဂ္ဂကို ဖွဲ့နိုင်ခဲ့ပါတယ်။

ဒီညီလာခံဖြစ်မြောက်အောင် ကူညီပေးခဲ့တဲ့ မကွေးအခြေစိုက် မြစ်ကွေ့ဧရာ လူမှုကွန်ယက်ရဲ့ အတွင်းရေးမှူး ကိုအောင်ကျော်ကျော်ကို ဆက်သွယ်မေးမြန်းတဲ့ အခါ သူက ရှင်းပြရာမှာ တောင်သူလယ်သမား အရေးကို လွှတ်တော်မှာ ပြည်သူ့ဖက်က ရပ်တည်တဲ့ အမတ်တွေက ဆောင်ရွက်ပေးနေသလို သူတို့လို လူမှုရေး အသင်းအဖွဲ့တွေကလည်း တောင်သူလယ်သမားတွေ ကိစ္စတွေကို ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။

အဲဒီလို အနေအထားမှာ ဒါလောက်နဲ့ မပြည့်စုံဘဲ တောင်သူလယ်သမားတွေ ကိုယ်တိုင် တောင်သူ လယ်သမား အရေး ဆောင်ရွက်မှ သဘာဝ ကျမယ် ၊ ဒါကြောင့် အခုလို တောင်သူလယ်သမား သမဂ္ဂ ဖွဲ့စည်းရတာလို့ သူက ပြောပါတယ်။

မကွေး ဒေသကြီး ကိုယ်စားပြု ခေါင်းဆောင် ၁၁ ဦး ကို အခုညီလာခံမှာ တင်မြှောက်နိုင်ခဲ့တယ်လို့ သူက ဆိုပါတယ်။

ဒါ့အပြင် မကွေးတိုင်း အလုပ်အမှုဆောင် ၄၁ ဦး ကို ခေါင်းဆောင် ခန့်ထားလိုက်ပြီလို့ သိရပါတယ်။

အခုလို ခန့်ထား ဖွဲ့စည်းလိုက်ခြင်းကြောင့် တောင်သူလယ်သမားတွေ အနေနဲ့ သူတို့ ရင်ဆိုင်နေရတဲ့ သိမ်းဆည်းခံ လယ်ယာမြေ ကိစ္စ ၊ စိုက်ပျိုးငွေ လုံလုံလောက်လောက် မရတဲ့ ကိစ္စ ၊ ဆည်ရေး လုံလုံလောက်လောက် မရတဲ့ ကိစ္စနဲ့ နည်းပညာနဲ့ မျိုးကောင်း မျိုးသန့် လွယ်လွယ် မရတဲ့ ကိစ္စတွေ အပြင် တောင်သူလယ်သမား အရေးအရာကို သူတို့ ကိုယ်တိုင် ဆောင်ရွက်နိုင်မှာ ဖြစ်တယ်လို့ ကိုအောင်ကျော်ကျော်က ပြောပါတယ်။

တောင်သူလယ်သမားတွေဟာ တကယ်တော့ ပညာရေးမှာ နိမ့်ကျပြီး ၊ လမ်းပန်း ဆက်သွယ်ရေး မကောင်းတဲ့ နေရာတွေမှာ နေထိုင်နေကြတာ ဖြစ်သလို ဆက်သွယ်ရေး တယ်လီဖုန်းနဲ့နည်းပညာတွေကို အသုံးမပြုနိုင်တဲ့ အားနည်းချက်တွေ ရှိကြတယ်။

ခေတ် အဆက်ဆက် နိမ့်ကျနေတဲ့ တောင်သူလယ်သမား အရေးကို စာနာတဲ့ အဖွဲ့တွေက အနောက်က ရပ်တည် ပံ့ပိုး ပေးမှသာ ကြာသွားရင် သူတို့ဖာသာ လျှောက်လှမ်းလာနိုင်မှာ ဖြစ်တယ်လို့ သူက ပြောပါတယ်။

ဒါ့အပြင် ဥပဒေ အတိုင်ပင်ခံနဲ့ တခြား လိုအပ်တဲ့ အရာတွေ ပံ့ပိုး နိုင်ဖို့ ထောက်ပံ့ရေး ကော်မတီ ဖွဲ့ပြီး တောင်သူ လယ်သမားတွေ အတွက် စိုက်ပျိုးရေး နည်းပညာ သင်တန်းတွေကို ပြည်တွင်း ပြည်ပ ပို့လွှတ်ပေးနိုင်ဖို့ ရာထား တာတွေ ရှိတယ်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ