ပျူမြို့ဟောင်းတွေကို UNESCO လာရောက်ကြည့်ရှု

  • 31 ဇန်နဝါရီ 2014
ဓာတ်ပုံ မူပိုင် wikipedia
Image caption လွန်ခဲ့တဲ့ နှစ်ပေါင်းနှစ်ထောင်ကျော်က ပျူလူမျိုးတွေ နေထိုင်ခဲ့တဲ့ ပျူမြို့ဟောင်းတွေ

BC နှစ်ရာစု ကတည်းက ရှိခဲ့တယ်ဆိုတဲ့ ပျူ မြို့ဟောင်းတွေကို ကုလသမဂ္ဂ လက်အောက်ခံ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ UNESCO ရဲ့ အသိအမှတ်ပြု ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့ UNESCO တာဝန်ရှိ ပုဂ္ဂိုလ်တွေ ပြီးတဲ့အပတ်က နောက်ဆုံး အဆင့် လာရောက် စစ်ဆေးသွားပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း နှစ်ထောင်ကျော်လောက် ကတည်း က ပျူလူမျိုးတွေ နေထိုင်ခဲ့တယ်ဆိုတဲ့ ရွှေဘိုခရိုင် ဝက်လက် မြို့နယ်ထဲက ဟန်လင်း၊ မကွေးတိုင်း တောင်တွင်းကြီး မြို့နယ်ထဲက ဗိဿနိုး၊ ပဲခူးတိုင်း ပြည်မြို့နယ်ထဲက သရေခတ္တရာ စတဲ့ ပျူခေတ် မြို့ဟောင်းတွေကို UNESCOက ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ်ပြုဖို့ သုံးသပ်နေတာ ဖြစ်ပါတယ်။

UNESCOရဲ့ စံနှုန်း သတ်မှတ်ချက်တွေနဲ့ ကိုက်ညီပြီး ရှေးဟောင်း အမွေအနှစ် အဖြစ် လက်ခံမယ် ဆိုရင်တော့ ဒီမြို့ဟောင်းတွေဟာ ပထမဆုံး ကမ္ဘာ့အဆင့် ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် အဖြစ် အသိအမှတ် ပြုခံရတဲ့ မြန်မာ့ ယဉ်ကျေးမှု အမွေအနှစ်တွေ ဖြစ်လာလိမ့်မယ်လို့ ရှေးဟောင်း သုတေသနနှင့် အမျိုးသား ပြတိုက် ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ပြောပါတယ်။ အခုလို UNESCOက လာရောက် စစ်ဆေးတဲ့ အဆင့် ရောက်အောင် ၂၀၀၉ ခုနှစ်ကတည်းက ဆက်သွယ် တင်ပြခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ UNESCO က အကြိမ်ကြိမ် လာရောက် ကြည့်ရှု စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ရှေးဟောင်း ယဉ်ကျေးမှု ကမ္ဘာ့ အမွေအနှစ် စာရင်း၀င်ပြီလို့ အသိအမှတ် ပြုလိုက်ပြီ ဆိုရင် လာရောက် လေ့လာမယ့် နိုင်ငံခြားသားတွေ များပြားလာနိုင်တာမို့ အခြေခံ အဆောက်အအုံတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး အတွက်လည်း အခုကတည်းက စတင် ပြင်ဆင်နေပြီလို့ ရှေးဟောင်း သုတေသနနဲ့ အမျိုးသား ပြတိုက် ဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဦးကျော်ဦးလွင်က ဘီဘီစီကို ပြောပါတယ်။