လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ တရားစွဲ

  • 1 ဖေဖော်ဝါရီ 2014
Image caption ဓါတု လက်နက်တွေ လျှို့ဝှက် ထုတ်နေတယ် ဆိုပြီး Unity ဂျာနယ်မှာ ဖေါ်ပြခဲ့

မကွေးတိုင်း ပခုက္ကူခရိုင် ပေါက်မြို့နယ်ထဲက ကာကွယ်ရေး ပစ္စည်း ( ကပစ )စက်ရုံ အမှတ်၂၄ ရဲ့ အကြောင်းကို လျှို့ဝှက် ဓါတုလက်နက် စက်ရုံဆိုတဲ့ ခေါင်းစည်းနဲ့ ရေးသား ဖေါ်ပြခဲ့တဲ့ အပတ်စဉ်ထုတ် Unity ဂျာနယ်ရဲ့ နယ်မြေခံ သတင်းထောက် တဦးကို နိုင်ငံတော် လျှို့ဝှက်ချက် ပေါက်ကြားမှုနဲ့ ပုဒ်မတပ် တရားစွဲလိုက်တယ်လို့ သိရပါတယ်။

အဲဒီ သတင်းထောက် ကိုလူမော်နိုင်ကို ဇန္နဝါရီလ ၃၁ရက်နေ့ ညက ဖမ်းဆီး ထိန်းသိမ်းခဲ့တာပါ။

ဒီနေ့ စနေနေ့ နေ့လည် ၁၂ နာရီလောက်မှာ ဂျာနယ် အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းကို ရဲကခေါ်သွားပြီး ညနေ ၃နာရီလောက်မှာ ဒီသတင်းရေးသားခဲ့တဲ့ သတင်းထောက် ကိုရာဇာဦး၊ ကိုပိုင်သက်ကျော်နဲ့ ကိုစည်သူစိုး တို့ကိုလည်း ရဲက ထပ်ခေါ်သွားပါတယ်။

ဒီစက်ရုံ အကြောင်း သတင်း ရယူနိုင်ဖို့အတွက် Unity ဂျာနယ် သတင်းထောက် တွေဟာ အလုပ်သမားတွေနဲ့ စက်ရုံထဲကို ရောလိုက်သွားပြီး စုံစမ်းခဲ့တာလို့ ဆိုပါတယ်။

စက်ရုံထဲမှာ ဓါတ်ပေါင်းဖိုလို့ ယူဆရတဲ့ ပေါင်းအိုးဖြူကြီးတွေ တွေ့ရတယ်လို့ ရေးထားပေမယ့် ဘယ်လို ဓါတ်ပေါင်းဖို ဆိုတာတော့ တိတိကျကျ ရှင်းပြထား တာမျိုး မတွေ့ရပါဘူး။

ဒီစက်ရုံဟာ ဓါတုလက်နက် စက်ရုံလို့ ဆိုရာမှာလည်း ဒေသခံတွေရဲ့ အပြောကိုပဲ အခြေခံထားပြီး ခိုင်လုံတဲ့ အထောက်အထားနဲ့ တင်ပြ မထားပါဘူး။

ဒါပေမယ့် ဂျာနယ်ရဲ့ အမှုဆောင် အရာရှိချုပ် ဦးတင့်ဆန်းကတော့ ဒီထက် ခိုင်လုံတဲ့ အကြောင်းအရာတွေ သူတို့ လက်မှာ ရှိထားတယ်လို့ ဘီဘီစီကိုပြောခဲ့ပါတယ်။

အဲဒီ စက်ရုံ အတွက် မြေဧက ၃သောင်းကျော် သတ်မှတ်ခဲ့ပြီး ဒေသခံ တောင်သူ တွေရဲ့ လယ်မြေ ဧက ၃ထောင်ကျော်ကို ၂၀ဝ၈ ခုနှစ်က သိမ်းယူခဲ့တယ်လို့ လယ်ယာမြေ သိမ်းဆည်းမှုကို လိုက်ပါ ကူညီပေးနေတဲ့ မြစ်ကွေ့ဧရာ အဖွဲ့ အတွင်းရေးမှူး ကိုအောင်ကျော်ကျော်က ပြောပါတယ်။

ဒီစက်ရုံအပါအဝင် မြိုင်မြို့နယ်နဲ့ ဆောမြို့နယ်၊ ဂန့်ဂေါမြို့နယ်တွေဘက်မှာ ကပစ စက်ရုံတွေကို ၂၀ဝ၃ခုနှစ် နောက်ပိုင်းတွေမှာ ဆောက်လုပ်ခဲ့ပြီး စက်ရုံ နယ်မြေလို့ သတ်မှတ်ထားတဲ့ ဧရိယာတွေထဲမှာ ဒေသခံတွေ နွားကျောင်း၊ ဆိတ်ကျောင်း လုပ်တာကိုတောင် ခွင့်မပြုဘူးလို့ ဒေသခံတွေကပြောပါတယ်။

မြန်မာနိုင်ငံမှာ နျူကလီးယား လက်နက် စီမံကိန်းတွေ ရှိနေတဲ့ အကြောင်း ထုတ်ဖေါ် ပြောခဲ့သူ တပ်မတော် အရာရှိဟောင်း ဦးစိုင်းသိန်းဝင်းကတော့ အရင် ဝမ်ခသစ် တိုက်ပွဲမှာ မြန်မာ စစ်တပ်က ကလိုရင်း ဓါတ်ငွေ့တွေ ထုတ်ပြီး တိုက်ခဲ့ဖူးတယ်လို့ သူသိထားကြောင်း၊ ဒါပေမယ့် အရင် ရှိထားတဲ့ ကာကွယ်ရေး ပစ္စည်း စက်ရုံတွေနဲ့တင် ဓါတု ပစ္စည်း ထုတ်လုပ်ဖို့ လုံလောက်နေတာမို့ အခုလို စက်ရုံသစ် ဆောက်ပြီး ထုတ်လုပ်မယ်လို့ သူ့အနေနဲ့ မထင်ကြောင်း ဘီဘီစီကို ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ