လူ့အခွင့်အရေး ကော်မရှင် ဒူချီရာတန်းကို သွားရောက် စစ်ဆေး

  • 2 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် president office
Image caption မောင်တောမှာ မီးလောင်မှု ဖြစ်ခဲ့တုန်းက မြင်ကွင်း

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် ဒူချီရာတန်းရွာမှာ ဇန္နဝါရီလ (၁၃)ရက်နေ့ည အဖြစ်အပျက်ကို စုံစမ်းဖို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်ဟာ အဲဒီကျေးရွာ နဲ့ အနီးတဝိုက် ဒေသကို ရောက်ရှိနေပါတယ်။

ဒုချီးရားတန်းရွာ ဖြစ်စဉ်မှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ ပြောဆိုနေကြတာနဲ့ ပတ်သက်ပြီး ဖြစ်ရပ်အမှန်ကို စစ်ဆေး ဖော်ထုတ်နိုင်ဖို့ အစိုးရအာဏာပိုင်တွေ နဲ့ ဒေသခံ ရွာသား တွေကို သွားရောက် တွေ့ဆုံနေတာ ဖြစ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က ပြောပါတယ်။

ဒူချီရာတန်းရွာမှာ ပျောက်သွားတဲ့ ရဲတပ်ကြပ်ကြီးကိုရှာဖို့ ရဲ၀န်ထမ်းတွေသွားရာမှာ လူသေဆုံးမှုတွေရှိခဲ့တယ်လို့ အနောက်နိုင်ငံတွေက ပြောဆိုနေကြပြီး ဒါကိုစုံစမ်းစစ်ဆေးပေးဖို့ အစိုးရကို တောင်းဆို ထားပါတယ်။

ဒီကိစ္စကို မြန်မာအစိုးရဘက်က ငြင်းဆိုပေမယ့် ပျောက်ဆုံးနေတဲ့ ရဲတပ်ကြပ်ကြီးအကြောင်းနဲ့ အဲဒီ ရဲတပ်ကြပ်ကြီးကို ရှာဖွေစဉ်မှာ ရွာသားတွေကို ရဲတွေက ရိုက်နှက်ခဲ့သလားဆိုတာကို စုံစမ်းစစ်ဆေးနေပြီး ဒီကိစ္စဆောင်ရွက်နေတဲ့ ရဲတွေနဲ့ လည်း တွေဖို့ရှိတယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ခုချိန်ထိတော့ ပြဿနာတွေဖြစ်ခဲ့တဲ့ ဒူချီရာတန်းရွာမှာ အမျိုးသမီးတွေ ပြန်လည် နေထိုင်လျက်ရှိပေမယ့် အမျိုးသားတွေကတော့ ရှောင်တိမ်းနေဆဲ ဖြစ်တယ်လို့ ဦးစစ်မြိုင်က ပြောပါတယ်။

ဒီဒေသတွေကို ရောက်ရှိနေတဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးကော်မရှင်ကတော့ စုံစမ်းစစ်ဆေးပြီး တွေ့ရှိချက်တွေကို ပြည်ထောင်စုအစိုးရထံကို တင်ပြ ထုတ်ပြန်သွားမယ်လို့ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ