နေပြည်တော်နားက သိမ်းထားတဲ့ မြေတွေ ပြည်သူတွေ ပြန်လိုချင်

  • 2 ဖေဖော်ဝါရီ 2014
Image caption အစိုးရက စီမံကိန်းလုပ်မယ် ပြောထားတဲ့ မြေတွေကို စစ်ဗိုလ်ချုပ် မိသားစု သားသမီးတွေ အမည်နဲ့ ခြံတွေ ခတ်နေ

နေပြည်တော် ပတ်ဝန်းကျင် ဥတ္တရ သီရိ မြို့နယ်ထဲက ရွာ ၈ရွာမှာ ရှိတဲ့ မြေဧက ၅ထောင်ကျော်ကို အစိုးရ စီမံကိန်းအတွက် ဆိုပြီး သိမ်းထားခဲ့ရာမှာ စီမံကိန်းမလုပ်ပဲ လက်ရှိ ထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အငြိမ်းစားယူသွားတဲ့ ဗိုလ်ချုပ်ဟောင်းတွေရဲ့ နာမည်နဲ့ ခြံတွေ ခတ်နေတဲ့အတွက် ဒေသခံ ရွာသားတွေက ပြန်လိုချင်တဲ့အကြောင်း တောင်းဆို တိုင်ကြားမှုတွေ ရှိနေပါတယ်။

အဲဒီရွာတွေကတော့ ဥတ္တရ သီရိ မြို့နယ်ထဲက ဇလောင်း တောင်ရွာ မြောက်ရွာ၊ ငန်းစပ်၊ ကျောက်ခဲအင်း၊ ရွှေခဲအင်း၊ ကျောက်မီးပူ၊ ဒိုးနွယ်၊ ဝက်ပုတ်ဆိုတဲ့ ရွာတွေ ဖြစ်ပါတယ်။

အဲဒီ မြေတွေကို စီမံကိန်းအတွက် ဆိုပြီး ၂၀၁၀ ခုနှစ်က သိမ်းထားခဲ့တာ ဖြစ်ပြီး ဘာစီမံကိန်းမှ မလုပ်ပဲ လက်ရှိနဲ့ အငြိမ်းစား ဗိုလ်ချုပ်ဟောင်းတွေရဲ့ နာမည်နဲ့ ခြံတွေ ခတ်နေတာကြောင့် အခုလို ပြန်တောင်းခဲ့ကြတာ ဖြစ်ကြောင်း ဧက ၂၀ ကျော် သိမ်းဆည်းခံ ထားရတယ် ဆိုတဲ့ ငန်းစပ် ရွာသား ဦးသိန်းမင်းဇော်က ဘီဘီစီကို ပြောပြပါတယ်။

ဒါပေမယ့် ပြန်လိုချင်တယ်ဆိုတဲ့ မြေပိုင်ရှင်တွေမှာ မြေပိုင်ဆိုင်ကြောင်း အထောက်အထား ဆိုလို့ အရင် သစ်တော ဦးစီးက ထုတ်ပေးထားတဲ့ မြေလုပ်ကိုင်ကြောင်း စာအုပ်နဲ့ တာဝန်ကျေ စပါး ပေးသွင်းထားတဲ့ အထောက်အထား စာရွက်တွေသာ ရှိတယ်လို့ သိရပါတယ်။

အရင်က ဒီနေရာတွေဟာ ကြိုးဝိုင်းသစ်တော နယ်မြေ ဖြစ်ပြီး ကြိုးဝိုင်း သစ်တော ရုတ်သိမ်းလိုက်တဲ့ အခါ ဒေသခံတွေက အဲဒီ ကြိုးဝိုင်း ထဲမှာ လယ်ယာ ထွန်ယက် လုပ်ကိုင် စားသောက်ခဲ့ကြတာ ဖြစ်ကြောင်း၊ ဒါပေမယ့်လည်း ကြိုးဝိုင်း သစ်တော ရုတ်သိမ်းအပြီးမှာ မြေလွတ် မြေသိမ်းတွေ အဖြစ် စစ်အစိုးရ လက်ရှိနဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေရဲ့ မိသားစု သားသမီးတွေက လျှောက်ထားချက်ကို သက်ဆိုင်ရာ လယ်ဆည်နဲ့ မြေစာရင်းက ငွေ သတ်မှတ်ပြီး ရောင်းခဲ့တာလို့ ယူဆရကြောင်း ဥတ္တရ သီရိ မြို့နယ် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်သူ့လွှတ်တော် အမတ် ဦးမင်းသူက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ အစိုးရပိုင်းရဲ့ သဘောထားကို သိနိုင်ဖို့ ဘီဘီစီက ဆက်သွယ်ခဲ့ပေမယ့် ဖုန်း ခေါ်ဆိုလို့ မရခဲ့ပါဘူး။

သိမ်းထားတဲ့ မြေတွေထဲက စီမံကိန်း မလုပ်တဲ့ မြေတွေကို စိစစ်ပြီး မူလပိုင်ရှင်တွေကို ပြန်ပေးမယ်လို့ သမ္မတ ဦးသိန်းစိန်က မိန့်ခွန်းတခုမှာ ပြောခဲ့တာကြောင့် ခေတ်အဆက်ဆက်က မြေသိမ်းခံရတဲ့ မြေပိုင်ရှင်တွေအနေနဲ့ သူတို့မြေတွေ ပြန်ရလေမလားလို့ နည်းမျိုးစုံနဲ့ တောင်းဆိုမှုတွေ မကြာခဏ လုပ်လာတာကို နိုင်ငံတဝှမ်းမှာ ခုတလော တွေ့နေရပါတယ်။