ကင်ဆာရောဂါ မြန်မာနိုင်ငံကို ခြိမ်းခြောက်နေဆဲ

  • 3 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် SPL

နှစ်တိုင်းနှစ်တိုင်း မြန်မာအမျိုးသမီး ၃၀၀၀ နီးပါးဟာ သားအိမ်ခေါင်း ကင်ဆာနဲ့ အသက်ဆုံး နေရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၁ ရက်က ထုတ်ပြန်တဲ့ ကင်ဆာနှင့် အခြားဆက်နွယ်သော ရောဂါများ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ကျန်းမာရေးဌာနရဲ့ မှတ်တမ်းတွေအရ သားအိမ်ခေါင်းကင်ဆာ ရင်သားကင်ဆာနဲ့ အဆုတ်ကင်ဆာတို့ဟာ မြန်မာနိုင်ငံမှာ အဖြစ်အများဆုံး ကင်ဆာအမျိုးအစားတွေ ဖြစ်ပါတယ်။

နိုင်ငံတော်က ဉီးစားပေး အနေနဲ့ တိုက်ဖျက်နေတဲ့ ရောဂါတွေစာရင်းမှာ ကူးစက်နိုင်စွမ်း နည်းပါးတဲ့ ကင်ဆာလို ရောဂါဟာ တော်တော်လေး နောက်ကို ရောက်နေပြီး နိုင်ငံတကာက အကူအညီတွေ ကင်ဆာရောဂါအတွက် ပေးတာမျိုးလဲ အတော်လေးကို နည်းနေပါသေးတယ်။

နောက်ဆက်တွဲ အကျိုးဆက် အနေနဲ့ ကင်ဆာရောဂါနဲ့ ပက်သက်တဲ့ အချက်အလက်တွေ စုဆောင်းကောက်ယူတာနဲ့ သုတေသန လုပ်ငန်း လုပ်ဆောင်တာတွေ မရှိသလောက် နည်းပါးလာပါတယ်။

သုတေသန နဲ့ စစ်တမ်းကောက်ယူမှုတွေ စံနစ်တကျ မရှိတာဟာ ကင်ဆာရောဂါ တိုက်ဖျက်ရေးရဲ့ အဓိက အားနည်းချက် ဖြစ်နေတယ်လို့ ကနေဒါနိုင်ငံမှာ ခေတ္တ ရောက်ရှိနေတဲ့ မြန်မာ ဆရာ၀န် ဒေါက်တာ ယဉ်နွယ်အောင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် အစိုးရဆေးရုံတွေထက် အပြင်ဆေးခန်းတွေကို လူနာတွေက သွားတာ ပိုများတဲ့အတွက် တိကျတဲ့ အချက်အလက်တွေ ရရှိဖို့ ပိုခက်ခဲလာတယ်လို့ သူက ဆက်ပြောပါတယ်။

လာမယ့် ဘဏ္ဏာရေးနှစ်မှာ အစိုးရက ကျန်းမာရေး စောင့်ရှောက်မှု အတွက် ငွေပိုသုံးမှာ ဖြစ်ပေမယ့် လိုအပ်ချက်တွေ ရှိနေဆဲပါ။ စစ်ဆေးရုံတွေကို ဖယ်ထားလိုက်မယ်ဆိုရင် မြန်မာနိုင်ငံ တစ်ခုလုံးမှာ ကင်ဆာ ဓာတ်ရောင်ခြည်ကင်တဲ့စက် လေးလုံးပဲ ရှိပါတယ်။ ရောဂါနဲ့ပက်သက်တဲ့ အသိပညာပေး လုပ်ငန်းတွေကိုလဲ ထိထိရောက်ရောက် မလုပ်နိုင်သေးပါဘူး။ ကင်ဆာဟာ အချိန်မီ သိရင် ပျောက်ကင်းအောင် ကုသနိုင်တဲ့ ရောဂါ ဖြစ်ပေမယ့် ပြည်သူလူထု က ကျန်းမာရေး အသိပညာ မရှိကြတာကြောင့် အသိနောက်ကျပြီး မလိုအပ်ဘဲ အသက်သေဆုံးရတာတွေ မြန်မာပြည်မှာ တော်တော်များများ တွေ့ရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်က ကင်ဆာရောဂါနဲ့ ပက်သက်တဲ့ အစီရင်ခံစာတွေအရ မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ ကင်ဆာရောဂါကြောင့် လူသေဆုံးမှု ဟာ အမျိုးသားတွေကြားမှာ တတိယအမြင့်ဆုံး ဖြစ်နေပြီး အမျိုးသမီးတွေကြားမှာ ပဉ္စမနေရာမှာ ရှိနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ