ဖွဲ့စည်းပုံပြင် ကော်မတီ လွှတ်တော်ဖွဲ့ပေး

  • 3 ဖေဖော်ဝါရီ 2014
constitution ဓာတ်ပုံ မူပိုင် AP
Image caption ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဆန္ဒပြမှုတွေ ရှိ

၂ဝဝ၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင် အထည်ဖော်မှု ကော်မတီကို လွှတ်တော် အမတ် ၃၁ ဦး နဲ့ ပြည်ထောင်စု လွှတ်တော်က ဖွဲ့စည်း လိုက်ပြီ ဖြစ်ပါ တယ်။

ပြည်ထောင်စု လွှတ်တော် ဒုတိယ နာယက ဦးနန္ဒ ကျော်စွာ ဥက္ကဋ္ဌ အဖြစ် ကြီးမှူးတဲ့ ဒီကော်မတီ က ဖွဲ့စည်းပုံ ပြင်ဆင်တဲ့ ဥပဒေ မူကြမ်း ထွက်ရှိလာဖို့ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း ကြေညာချက်မှာ ဖော်ပြ ထားပါတယ်။

နောက်ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေး ပူးပေါင်း ကော်မတီ အစီရင်ခံစာ ကို လေ့လာ ပြီး ဖွဲ့စည်းပုံ ပြင်ဆင်ခြင်း ဆိုင်ရာ အခန်း ၁၂ နဲ့ တခြား အရေးကြီးတဲ့ အခန်း တွေကို ဒီကော်မတီ က အလေးထား သုံးသပ် သွားရမှာ ဖြစ်ပါတယ်။

အခု ဖွဲ့စည်းတဲ့ အခြေခံဥပဒေ ပြင်ဆင်ရေး အကောင်အထည် ဖော်မှု ကော်မတီမှာ ကြံ့ခိုင်ရေးနဲ့ စစ်တပ်က ၂၁ ယောက် ပါဝင်ပြီး NLD ၂ ယောက် နဲ့ ကျန်ပါတီ တချို့က တယောက်စီ သာ ပါဝင်ခွင့် ရ ပါတယ်။ တချို့ ပါတီတွေ တယောက်မှ ပါဝင်ခွင့် မရကြပါဘူး။

ပြင်သင့်၊ ထားသင့် တဲ့ ပုဒ်မတွေကို ဒီကော်မတီက အဆိုပြုမှာ ဖြစ်ပြီး အဲဒီအဆိုပေါ်မှာ လွှတ်တော်က ဆွေးနွေးမှာ ဖြစ်တဲ့ အတွက် ဒီကော်မတီက အရေးကြီးတယ် လို့လည်း ယူဆကြပါတယ်။

ဒါ့ကြောင့် ဒီနေ့ လွှတ်တော်မှာ ဆွေးနွေး ကြရာမှာ အားလုံး ပါဝင်ရေးကို ချင်းတိုးတက်ရေး ပါတီက ဦးပေါ်လျံလွင်က တောင်းဆို ခဲ့ပါတယ်။ ဒါပေမဲ့ သူ့အဆို ရှုံးနိမ့်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ