ဦးအုန်းမြင့် လွန်ကျူးတဲ့ စကားတွေ ပြောလို့ ရှင်းနေရ

  • 4 ဖေဖော်ဝါရီ 2014
Minister U Ohn Myint meets villagers
Image caption ဝန်ကြီး ဦးအုန်းမြင့်က သစ်ရာကောက် ကျေးရွာသား တွေနဲ့ တွေ့ခဲ့

မွေးမြူရေး၊ ရေလုပ်ငန်းနဲ့ ကျေးလက် ဒေသ ဖွံ့ဖြိုးရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးအုန်းမြင့်က မကွေးတိုင်း သစ်ရာကောက် ကျေးရွာ လူထုနဲ့ တွေ့ဆုံ ချိန်မှာ ပြောဆို ခဲ့တာတွေ အရင်တခေါက်က တနင်္သာရီတိုင်းမှာ ဒေသခံတွေကို ပြောခဲ့တာ တွေနဲ့ ပတ်သက်လို့ တာဝန်ယူ ဖြေရှင်း ဆောင်ရွက်ဖို့ လွှတ်တော်ကို အရေးကြီး အဆို တင်သွင်း ဆွေးနွေးခဲ့ကြ ပါတယ်။

အဆို တင်သွင်း ခဲ့သူ NLD ပါတီရဲ့ လောင်းလုံ မြို့နယ် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဦးအောင်စိုးက ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောဆိုမှုတွေဟာ နိုင်ငံရေး ပါတီတွေနဲ့ နိုင်ငံရေး သမားတွေကို စော်ကား တာတွေ၊ ပြည်သူ လူထုကို ခြိမ်းခြောက် တာတွေ ပါနေတယ်လို့ ပြောပါတယ်။

လွှတ်တော်မှာ လာရောက် ရှင်းလင်း ဖြေကြားခဲ့တဲ့ ပြန်ကြားရေး ဝန်ကြီး ဦးအောင်ကြည် ကတော့ ဦးအုန်းမြင့်ရဲ့ ပြောဆိုမှုတွေမှာ မပြောသင့်တဲ့ စကားလုံးတွေကို လွန်လွန် ကျုးကျုး သုံးခဲ့တယ် ဆိုတာ လက်ခံ ပေမဲ့ သူ့ အနေနဲ့ ခံစားချက်ကို လွတ်လပ်စွာ ထုတ်ဖေါ်ခွင့် အရ ပြောမိ ခဲ့တာ ဖြစ်နိုင်တယ်လို့ ကာကွယ် ပြောဆို သွားပါတယ်။

ဝန်ကြီး ဦးအောင်ကြည်ရဲ့ ရှင်းလင်း ချက်ကို အဆိုရှင် ဦးအောင်စိုးကတော့ လက်မခံနိုင်ဘူးလို့ ပြောပါတယ်။

ဝန်ကြီး ဦးအုန်းမြင့်ရဲ့ ပြောစကားတွေဟာ ပြည်သူတွေ အပေါ် ပြည်ထောင်စု ဝန်ကြီး တစ်ယောက် အနေနဲ့ ပြောသင့်တဲ့ စကားမျိုး မဟုတ်တဲ့ အတွက် အရေးယူ ဆောင်ရွက်ဖို့ ပြည်ထောင်စု အစိုးရကို လွှတ်တော်က တဆင့် တိုက်တွန်းတာ ဖြစ်တယ်လို့ ဦးအောင်စိုးက ပြောပါတယ်။

တချိန်တည်းမှာ ဖေဖော်ဝါရီလ ၄ ရက်နေ့မှာပဲ ဝန်ကြီး ဦးအုန်းမြင့်က သစ်ရာကောက် ကျေးရွာကို ထပ်မံ သွားရောက်ခဲ့ ပါတယ်။

ရွာသားတွေက ဦးအုန်းမြင့် အနေနဲ့ သူပြောခဲ့တဲ့ စကားတွေ အတွက် တောင်းပန် လိမ့်မယ်လို့ မျှော်လင့် ခဲ့ကြ ပေမဲ့ တောင်းပန်စကား မပြောခဲ့ဘူးလို့ ရွာသားတွေ က ပြောပါတယ်။

အဲဒီနေရာမှာပဲ သတင်းထောက်တွေက သူ့ကို မေးမြန်းခဲ့ရာမှာ ဝန်ကြီးက သူ့ အနေနဲ့ အော်ငေါက် ပြောဆို ခဲ့တာ တွေဟာ ရည်ရွယ်ချက် မရှိဘဲ ပြောခဲ့တာပါလို့ ဆိုခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ