မူလတန်းနဲ့ အလယ်တန်း သင်ရိုးတချို့ ခပ်ပါးပါး ပြုပြင်ထား

  • 4 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကျောင်းသင်ခန်းက သင်ရိုး ပြဋ္ဌာန်းစာ လျှော့မယ်

လာမယ့် ၂ဝ၁၄ -၁၅ ပညာသင်နှစ်က စပြီး မြန်မာ အစိုးရက မူလတန်းနဲ့ အလယ်တန်း သင်ရိုး ပြဋ္ဌာန်းစာ တချို့ကို ပမာဏ လျှော့ချ သွားတော့မယ်လို့ သိရပါတယ်။

မြန်မာ နိုင်ငံ ပြုပြင် ပြောင်းလဲရေးမှာ နိုင်ငံရေး စီးပွားရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့ ထပ်တူ အဓိက အရေးကြီးတဲ့ ကဏ္ဍတွေကတော့ ပညာရေးနဲ့ ကျန်းမာရေး မြှင့်တင်မှုတွေ ဖြစ်ပါတယ်။

ကျောင်းသား ကျောင်းသူတွေရဲ့ ဦးနှောက် ဖွံ့ဖြိုးမှု ၊ work load အပြင် ခေတ်စံနစ်နဲ့ မညီတဲ့ သင်ရိုး ညွန်းတမ်းတွေကို နည်းနည်း ပြုပြင်ထားတယ်လို့ အမှတ်( ၁) အခြေခံ ပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မျိုးသိမ်းကြီးက ပြောပါတယ်။

သူတို့ အနေနဲ့ နည်းနည်းဘဲ အချိန်မှီ လုပ်နိုင်ခဲ့ပြီး လက်ရှိရဲ့ ၈၅ ကနေ ၉ဝ ရာခိုင်နှုန်း ကိုသာ ခပ်ပါးပါးပဲ ပြုပြင် ထားတယ်လို့ မြန်မာ အစိုးရ ပညာရေး ဝန်ကြီးဌာနက ပညာ သင်ကြားရေးမှာ ခေတ်မီ ပြောင်းလဲဖို့ အတွက် ကျောင်းသင်ရိုး လျှော့ချမယ့် ကိစ္စနဲ့ ပတ်သက်လို့ သူက ရှင်းပြခဲ့ပါတယ်။

ဒါ့အပြင် ၂၀၁၄ - ၂၀၁၅ ပညာသင်နှစ် အတွက် ခပ်ပါးပါး ပြုပြင်ထားတဲ့ သင်ရိုးညွှန်းတမ်း စာအုပ်ရိုက်ပြီး ကျောင်းသူ ကျောင်းသားတွေကို ဖြန့်ဝေပေးနိုင်ဖို့ ဆောင်ရွက်ထားတယ်လို့ ပြောပါတယ်။

ဘက်စုံ လမ်းညွှန် လေ့လာသုံးသပ်ရေး လုပ်ငန်းက ၂၀၁၃ ဇွန်လ ကနေ ဒီဇင်ဘာလ အထိ အဆင့် ၂ ကို အသေးစိတ် လေ့လာ ဆန်းစစ်တာတွေ လုပ်ပြီး အစီရင်ခံစာ ပြုစု နေတယ်လို့ သူက ဆိုပါတယ်။

၂၀၁၄ ဇန္နဝါရီ ကနေ ဇွန်လ ဘတ်ဂျက် ပါတဲ့ ပညာရေး စီမံကိန်း ပြုစုဖို့ သုတေသန စီမံကိန်းတွေ လုပ်နေပြီး ပြည်တွင်း ပြည်ပနဲ့ နိုင်ငံတကာ မိတ်ဖက် အဖွဲ့တွေနဲ့ ဆောင်ရွက်နေကြောင်းလည်း သူက ပြောပါတယ်။

အရည်အသွေး ရှိတဲ့ ပညာရေး ဆောင်ရွက်ဖို့ ဆိုရင် ဆရာ ဆရာမတွေရဲ့ သင်ကြား ပို့ချမှု အပေါ် အများကြီး မူတည်နေတယ်လို့ သူက ဆိုပါတယ်။

သင်ကြားမှုကိုလည်း ကလေး ဗဟိုပြု ဖြစ်ဖို့ မြို့နယ် ၃၃၀ထဲမှာ ကျန်နေသေးတဲ့ မြို့နယ်တွေမှာ ရှိတဲ့ ကလေး ဗဟိုပြု သင်ကြား မွမ်းမံ သင်တန်းတွေ လုပ်နေတယ်လို့ သူက ဆိုပါတယ်။

သင်ရိုးပြုပြင်ရေးသာ မက သင်ကြားနည်းနဲ့ စာမေးပွဲ စနစ်တွေမှာရော ပြုပြင်ရေးတွေ လုပ်ဖို့ရှိတာနဲ့ ပတ်သက်ပြီးလည်း ဒေါက်တာ မျိုးသိမ်းကြီးက ရှင်းပြရာမှာ စာမေးပွဲ စံနစ်နဲ့ ပတ်သက်လို့ ကျောင်းသား ကျောင်းသူတွေရဲ့ တီထွင် ကြံဆမှုနဲ့ ဉာဏ်ရည် ဖွံ့ဖြိုးမှုကို ဦးတည်တဲ့ စာမေးပွဲ စံနစ် ဖြစ်ဖို့ လေ့လာ ဆန်းစစ်နေတယ်လို့လည်း ပြောပါတယ်။

နှစ်ပေါင်း များစွာ ခေတ်နောက်ကျ ကျန်ရစ်တဲ့ မြန်မာ့ ပညာရေးမှာ ပြုပြင် ပြောင်းလဲရေးတွေ အရှိန်မြှင့် လုပ်ဖို့ အများကြီး လိုအပ်နေတယ်လို့ သုံးသပ် ပြောဆိုမှုတွေလည်း မကြာခဏ ကြားနေရပါတယ်။