သံလွင်မြစ်ကြောင်း ရေကာတာ စီမံကိန်းတွေကို ကန့်ကွက်စာတင်မယ်

  • 4 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် bbc
Image caption သူ့အစိုးရ လက်ထက်မှာ မြစ်ဆုံ ရေကာတာ စီမံကိန်းကို ဆိုင်းငံ့ထားဖို့ သမ္မတ ဦးသိန်းစိန် ဆုံးဖြတ်ခဲ့

သံလွင်မြစ် ဖြတ်သန်းသွားရာ ရှမ်းပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်၊ မွန်ပြည် နယ်တွေမှာ လျှပ်စစ်ဓာတ်အား ထုတ်ယူဖို့ ရေကာတာ (၆)ခု ဆောက်မယ့် စီမံကိန်း အပေါ် ကန့်ကွက်တဲ့ လက်မှတ်တွေကို အစိုးရဆီ တင်ဖို့ မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ယက် Burma Rivers Network က စီစဉ်နေ ပါတယ်။

သံလွင်မြစ် တလျှောက် ရေကာတာ စီမံကိန်းတွေကို ကန့်ကွက်တဲ့ လက်မှတ်တွေကို မြန်မာနိုင်ငံ မြစ်ချောင်းများ ကွန်ယက် BRN က အရပ်ဖက် လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး နိုင်ငံတဝန်း ကောက်ယူဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။

BRN ဟာ သံလွင်မြစ် ရေကာတာ စီမံကိန်းတွေကို အရင်တုန်း ကတည်းက ကန့်ကွက်တာတွေ ရှိခဲ့ပေမယ့် အခုအခါကျမှ အစိုးရဆီ ကန့်ကွက်စာ တင်မှာလို့ သိရပါတယ်။

လျှပ်စစ်ဓာတ်အား မဂ္ဂါဝပ် (၁)သောင်းခွဲ ထုတ်လုပ်နိုင်ဖို့ ရည်ရွယ်ထားတဲ့ ဒီစီမံကိန်းတွေကို လွန်ခဲ့တဲ့ (၈)နှစ် လောက် ကတည်းက ထိုင်း၊ တရုတ်နဲ့ အစိုးရအကြား နားလည်မှု စာချွန်လွှာ ချုပ်ထားခဲ့တာ ဖြစ်ပါတယ်။

အခု ကောက်ခံလို့ ရလာတဲ့ လက်မှတ်တွေကို အိတ်ဖွင့်ပေးစာနဲ့ အတူ မတ်လ (၁၄)ရက်နေ့မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ရာ ရေကာတာ ဆန့်ကျင်ရေးနေ့မှာ မြန်မာ၊ ထိုင်းနဲ့ တရုတ်နိုင်ငံက အစိုးရတွေအပြင် ရင်းနှီးမြှုပ်နှံတဲ့ ကုမ္ပဏီတွေ ဆီကိုပါ ပေးပို့သွားမယ်လို့ BRN အဖွဲ့မှာ ပါတဲ့ ကရင် မြစ်ချောင်းများ စောင့်ကြည့် ရေး အဖွဲ့က ကိုစောသာဘိုးက ပြောပါတယ်။

လတ်တလော ရေအားလျှပ်စစ် ထုတ်ယူရေး လုပ်ငန်းတွေမှာ မြန်မာအစိုးရနဲ့ ဥရောပ သမဂ္ဂ နိုင်ငံတွေ အကြား ဖက်စပ် လုပ်ကိုင်ဖို့ကိုလည်း မလိုလားဘူးလို့ ကိုစောသာဘိုးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်တုန်းကတော့ ထိုင်း လျှပ်စစ် ဓာတ်အား ထုတ်လုပ်ရေးအဖွဲ့ (EGAT) ဟာ ကရင်ပြည်နယ်ရဲ့ သံလွင်မြစ်ပေါ်မှာရှိတဲ့ ဟတ်ကြီး ရေအား လျှပ်စစ် စီမံကိန်းမှာ ကုမ္ပဏီ ဝန်ထမ်း (၂)ဦး မိုင်းထိ သေဆုံးပြီးတဲ့နောက် သူတို့ရဲ့ စီမံကိန်းကို ဆိုင်းငံ့ထားခဲ့ပါတယ်။