တိုင်းရင်းသား စာပေ ပြဌာန်းရေး လွှတ်တော်မှာတင်

  • 5 ဖေဖော်ဝါရီ 2014
Image caption သင်ရိုး ညွှန်းတမ်း ရေးဆွဲ ရာမှာ တိုင်းရင်းသား ပညာရှင် တွေကို ခေါ်ယူ ဆွေးနွေးဖို့ လိုလား

စာသင် ကျောင်းတွေမှာ တိုင်းရင်းသား စာပေကို ဘာသာရပ် တခု အနေနဲ့ သင်ကြား နိုင်ရေးကို အစိုးရက ပြဌာန်း သင့်တယ်လို့ တိုင်းရင်းသား အမတ် ၂ ဦးက ပြည်ထောင်စု လွှတ်တော်မှာ တင်ပြ တောင်းဆိုခဲ့ ပါတယ်။

အစိုးရရဲ့ ၂ဝ၁၄-၁၅ ဘတ်ဂျက်နှစ် အမျိုးသား စီမံကိန်း ဥပဒေကြမ်း မူနဲ့ အခြေခံ သဘောတွေ ဆွေးနွေး ချိန်မှာ တင်ပြ ခဲ့တာ ဖြစ်ပြီး၊ ပညာရေး ဝန်ကြီးဌာနက ဒီကိစ္စကို လုပ်ဆောင် နေပြီ ဖြစ်တယ်လို့ ပြည်ထောင်စု လွှတ်တော်မှာ ကတိပေး ပြောကြားသွား ပါတယ်။

တိုင်းရင်းသား စာပေ၊ ယဉ်ကျေးမှု၊ အနုပညာနဲ့ ရိုးရာ ဓလေ့တွေကို တိုင်းနဲ့ ပြည်နယ် အစိုးရတွေရဲ့ ခွင့်ပြုချက်နဲ့ သင်ဖို့ အပြင် တစ်နိုင်ငံလုံး အမျိုးသား အဆင့် အထိ ဖြစ်လာ ရေးကို အခု ဘတ်ဂျက် အသစ်မှာ လုပ်ငန်းစဉ် အဖြစ် ထည့်သွင်း ထားတယ် လို့ ယာယီ ပညာရေး ဝန်ကြီး ဦးမျိုးမြင့်က လွှတ်တော်မှာ ကတိပေး ပြောကြား သွားတာ ဖြစ်ပါတယ်။

လက်ရှိမှာ တိုင်းရင်းသား စာပေ ၂၃ မျိုး သင်နေပြီး ဆရာ၊ ဆရာမ တွေကို ထောက်ပံ့ကြေး ပေးသွားမှာ ဖြစ်ကြောင်းနဲ့ တစ်နိုင်ငံလုံး အတိုင်း အတာနဲ့ ဘယ် တိုင်းရင်းသား စာပေကို သင်ပြီး၊ ဘယ်လောက် အဆင့် အထိ သင်မလဲ ဆိုတာကို ဥပဒေကြမ်း တခု ပေါ်လာတဲ့ အထိ ဆောင်ရွက် သွားဖို့ လုပ်ဆောင် နေပြီလို့ ယာယီ ပညာရေးဝန်ကြီး ဦးမျိုးမြင့်က ပြောပါတယ်။

တိုင်းရင်းသား စာပေ သင်ကြားခွင့်နဲ့ ပတ်သက်ပြီး အစိုးရကို လွှတ်တော်မှာ တိုက်တွန်းတဲ့ သူတွေ ထဲက တစ်ဦး ဖြစ်တဲ့ ပြည်သူ့ လွှတ်တော် အမတ် ဒေါ်မိမြင့်သန်း ကတော့ တိုင်းရင်းသား ဘာသာကို တက္ကသိုလ် အဆင့် အထိ အထူးပြု ဘာသာရပ် အဖြစ် သင်စေချင် တယ်လို့ ပြောပါတယ်။

ပညာရေး ဌာနက တိုင်းရင်းသား ဘာသာ စကား သင်ရိုး ညွှန်းတမ်း ရေးဆွဲ ရာမှာ တိုင်းရင်းသား ပညာရှင် တွေကို ခေါ်ယူ ဆွေးနွေးဖို့ ကိုလည်း တိုင်းရင်းသား အမတ်တွေက ပြောကြားကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ