ယူနတီဂျာနယ်က နောက်တစ်ယောက် ကိုဖမ်း

  • 5 ဖေဖော်ဝါရီ 2014
Unity Journal
Image caption ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ ဓါတ်ပုံကို ယူနတီ ဂျာနယ်မှာ ဖော်ပြခဲ့

ယူနတီ ဂျာနယ်က နောက်ထပ် တစ်ယောက်ကို ဖေဖော်ဝါရီလ ၅ ရက်နေ့ ဗုဒ္ဓဟူးနေ့ မနက်က ဖမ်းဆီး သွားခဲ့ပါတယ်။

သူက ကိုအောင်ဝင်းထွန်း ဖြစ်ပြီး လောလောဆယ် ဖမ်းဆီး စစ်ဆေးခံနေရတဲ့ ဂျာနယ်တိုက် CEO ဦးတင့်ဆန်းရဲ့ တူ လည်းဖြစ် ယူနတီ ဂျာနယ်ရဲ့ ရုံး အဖွဲ့မှူးလည်း ဖြစ်တယ်လို့ ဂျာနယ်တိုက်က ပြောပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ် အတွင်းက ဓါတုလက်နက် စက်ရုံလို့ ယူဆရတဲ့ စက်ရုံဓါတ်ပုံကို ဖော်ပြခဲ့ပြီးတဲ့နောက် အခုချိန်ထိ လူ ၇ ယောက်ကို ဖမ်းဆီး စစ်ဆေး ခဲ့ကြ ပါတယ်။

အဲဒီထဲက နယ်မြေခံ သတင်းထောက်ရဲ့ ဇနီး မလွင်လွင်မြင့်ကို ပြန်လွှတ် ပေးလိုက်တဲ့ အတွက် အခု လက်ရှိ ဖမ်းဆီး စစ်ဆေးခံနေကြရ သူ လူ ၆ ယောက်ရှိပါတယ်။

သတင်းရေးသူ၊ ဂျာနယ်တိုက် တာဝန်ရှိသူ၊ အားပေး ကူညီသူတွေနဲ့ပတ်သက်ပြီး စုံစမ်း အရေးယူဖို့ သက်ဆိုင်ရာ ဌာနက ပေါက်မြို့ ရဲစခန်းကို တိုင်တန်းခဲ့တဲ့ အတွက် နိုင်ငံတော် လျှို့ဝှက်ချက်များ ပေါက် ကြားစေမှု အက်ဥပဒေ ပုဒ်မ ၃ (၁) (က)/၉ နဲ့ အမှုဖွင့် စစ်ဆေး မေးမြန်း နေတယ်လို့ အစိုးရ ဘက်က သတင်း ထုတ်ပြန်ပါတယ်။

အာဏာပိုင်တွေ ဘက်က အခုလို ခေါ်ယူ ဖမ်းဆီး စစ်ဆေးမှုတွေဟာ ဂျာနယ်တိုက်ကို အသိပေး လုပ်ဆောင်တာ မဟုတ်ဘဲ ထင်သလို ဖမ်းဆီး စစ်နေတာ ဖြစ်တယ်၊ နောက်ထပ် ဘယ်သူ့ကို ထပ်ပြီး ဖမ်းဆီးဦးမလဲ ဆိုတာ စိတ်ပူ နေရတယ်လို့ ယူနတီ ဂျာနယ်ရုံး အဖွဲ့မှူး ကိုသီဟအောင်က ဘီဘီစီကို ပြော ပါတယ်။

အင်္ဂါနေ့ ညပိုင်းက ပခုက္ကူထောင်ကနေ ပြန်လွှတ်ပေးလိုက်တဲ့ မလွင်လွင်မြင့်က ၂၀၀၇ ခုနှစ် သံဃာ့လှုပ်ရှားမှုမှာ ဦးဆောင်လှုပ်ရှားခဲ့တဲ့ သံဃာ တစ်ပါးဖြစ်တဲ့ ဆရာတော် ဦးဂမ္ဘီရ ရဲ့ အစ်မလည်း ဖြစ်ပါတယ်။

သူ့ကို ရန်ကုန်က လာတဲ့ နယ်လှည့် သတင်း တပ်ဖွဲ့က စစ်ဆေးခဲ့တာ ဖြစ်ကြောင်းနဲ့ ဦးဂမ္ဘီရ အပါအဝင် သူတို့ မောင်နှစ်မတွေ အကြောင်း စစ်မေးခဲ့ ပြီးတဲ့နောက် အာမခံနဲ့ ပြန်လွှတ် ပေးခဲ့တာလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ