စစ်တပ်က ပြန်ပေးမြေ မူလပိုင်ရှင်တွေ မရ

  • 6 ဖေဖော်ဝါရီ 2014
Burma Farmers
Image caption မူလ လယ်ပိုင်ရှင်တွေက အသိမ်းခံမြေတွေ ပြန်ရရေး ထပ်တောင်းဆို

စစ်တပ်က သိမ်းထားတဲ့ မြေဧက ၂ သိန်း ကျော်ကို မူလ ပိုင်ရှင်တွေ လက်ထဲ စတင် ပြန်လည် ပေးအပ် နေပြီဖြစ်ပေမဲ့ အတော် များများက ပြန်မရ သေးဘူးလို့ ပြည်ထောင်စု လွှတ်တော် မြေယာကော်မရှင်က ပြောပါတယ်။

စစ်တပ်က မြေဧက ၅ သောင်းကျော်ကို ပြန်ပေး ခဲ့ပြီး ဖြစ်ပြီး နောက်ထပ် ပြန်ပေးမှာနဲ့ဆိုရင် ဧက ၂ သိန်းကျော် ဖြစ်မယ်လို့ ဒုတိယ ကာကွယ်ရေး ဝန်ကြီး ဗိုလ်ချုပ် ကျော်ညွှန့်က ပြည်ထောင်စု လွှတ်တော်မှာ ပြောခဲ့ပါတယ်။

ဒါပေမဲ့ တစ်နိုင်ငံလုံးမှာ စစ်တပ်က သိမ်းထားတဲ့ မြေဧက ဘယ်လောက် ရှိတယ် ဆိုတာကိုတော့ သူက ထုတ်ဖေါ် မပြောခဲ့ ပါဘူး။

စစ်တပ်က သိမ်းတဲ့ မြေတွေကို စုံစမ်း စစ်ဆေးတဲ့ အထဲမှာ ပါတဲ့ အမျိုးသား လွှတ်တော်အမတ် တစ်ယောက်ကတော့ မကွေးတိုင်းအတွင်း စစ်လက်နက် စက်ရုံ တစ်ခု ဆောက်ဖို့ ဆိုပြီး အနေနဲ့ သိမ်းတာတင် ဧက ၁ သိန်းကျော် ရှိတယ်လို့ ပြောပါတယ်။

အခုပြန်ပေးမယ့် မြေဧက ၂ သိန်းကျော်ဆိုတာ ကလည်း လွှတ်တော်ကို ရောက်လာတဲ့ တိုင်ကြားစာ ၂ ထောင်ကျော်ထဲက တိုင်စာ ၃ဝဝ အပေါ်မှာ ဆောင်ရွက်ပေးတဲ့ အရေ အတွက် ဖြစ်ပါ တယ်။

ဒီမြေတွေကို စစ်တပ်က ပြည်နယ်နဲ့တိုင်း အစိုးရ တွေကိုပြန် ပေးတာ ဖြစ်ပြီး သူတို့က တဆင့် မြို့နယ် မြေယာ ကောင်စီကို ပြန်ချပေးတဲ့ လုပ်ငန်း အဆင့်ဆင့်မှာ လက်ရှိ သီးစားခနဲ့ လုပ်ကိုင်နေကြသူတွေကိုသာ ပြန်ပေး တာကြောင့် မူလ ပိုင်ရှင်တွေ ပြန်မရကြသေးတာလို့ ပြည်ထောင်စု လွှတ်တော် မြေယာကော်မရှင် အတွင်းရေးမှူး ဦးသိန်းထွန်းက ပြောပါတယ်။

မြေတွေကို စစ်တပ်က သိမ်းယူပြီးတဲ့နောက်မှာ သီးစားချပေး ထားလိုက်တဲ့ သူတွေကိုသာ ပြန်ပေးတဲ့ အတွက် မူလ ပိုင်ရှင်တွေက မကျေနပ်လို့ မြေယာကော်မရှင်ကို ထပ်မံ တိုင်ထားတာတွေ ရှိတယ်လို့လည်း သူက ပြောပါတယ်။

ဒါကြောင့် ပွင့်လင်းမြင်သာမှု ရှိအောင် ဆောင်ရွက်ဖို့ လွှတ်တော်မှာ အဆိုထပ်တင်ထားပြီး လာမယ့် တစ်ပတ်မှာ ဆွေးနွေးကြမယ်လို့လည်း ဦးသိန်းထွန်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ