မလေးရှားမှာ ရခိုင်တိုင်းရင်းသား ကိုအောင်ကြီး အသတ်ခံရ

  • 7 ဖေဖော်ဝါရီ 2014
Ko Aung Gyi's FB photo
Image caption ၈၈မျိုးဆက် (မလေးရှား) ကိုအောင်ကြီး သတ်ဖြတ်ခံရ (ဓါတ်ပုံ ဖေ့စ်ဘွတ်)

မလေးရှားမှာ နေထိုင်တဲ့ နိုင်ငံရေး လှုပ်ရှား တက်ကြွသူ ရခိုင် တိုင်းရင်းသား ကိုအောင်ကြီး သတ်ဖြတ် ခံခဲ့ရပါတယ်။

၈၈ မျိုးဆက် အဖွဲ့ဝင်လည်း ဖြစ်တဲ့ ကိုအောင်ကြီးဟာ ဖေဖော်ရီလ ၄ ရက်နေ့ ညက မလေးရှား နိုင်ငံမှာ သတ်ဖြတ် ခံခဲ့ရတာ ဖြစ်ပြီး ဘယ်သူ့လက်ချက်လဲ ဆိုတာ ရဲတွေက စုံစမ်းနေ ပါတယ်။

သတ်ဖြတ် ခံရသူဟာ ကိုအောင်ကြီး ဟုတ်မဟုတ် ဆေးရုံမှာ သွားကြည့်ခဲ့ရပြီး ဟုတ်မှန်ကြောင်း ပြောခဲ့ တယ်လို့ သူ့ရဲ့ ဇနီး ဖြစ်သူ မစုစုမြင့်က ပြောပါတယ်။

သူ့အမှုကို ကိုင်တွယ် ဆောင်ရွက်တဲ့ ရဲတွေက ကိုအောင်ကြီးရဲ့ အလောင်းကို သူ့ကားရဲ့ ပစ္စည်းထည့်တဲ့ နောက်ခန်း ထဲမှာ တွေ့ခဲ့ရတယ်လို့ ပြောကြောင်း သူ့ရဲ့ ဇနီးက ဘီဘီစီကို ပြောပါတယ်။

မြန်မာ နိုင်ငံက ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာအေးမောင်တို့ အဖွဲ့က ကွာလာလမ်ပူ မြို့တော်မှာ ရခိုင် တိုင်းရင်းသားတွေနဲ့ တွေ့ဆုံ တဲ့ပွဲကို ကိုအောင်ကြီးနဲ့ မိသားစု သွားရောက် ခဲ့ကြပြီး ကားအရောင်း အဝယ် ကိစ္စ အတွက် ဖုန်းဆက်ခေါ်လို့ စောစော ပြန်သွား ခဲ့ကြတယ်လို့လည်း သူက ပြောပါတယ်။

အိမ်ပြန်ရောက်ပြီး ညနေပိုင်းမှာ ကားအရောင်း အဝယ် ကိစ္စသွားမယ်၊ မကြာခင် ပြန်လာမယ် လို့ ပြောသွား ပေမဲ့ အချိန်အတန်ကြာအောင် ပြန်မလာလို့ ကိုအောင်ကြီးရဲ့ လက်ကိုင်ဖုန်းကို ဆက်တော့လည်း အဆက်အသွယ် မရခဲ့ကြောင်းနဲ့ နောက်တစ်နေ့ ကျမှ သေဆုံးကြောင်း သိရတာလို့ သူ့ရဲ့ ဇနီးက ပြောပါတယ်။

ကိုအောင်ကြီးရဲ့ စျာပနကိုတော့ ဖေဖော်ဝါရီလ ၈ ရက် စနေနေ့မှာ ပြုလုပ်မှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ