ရခိုင် ခေါင်းဆောင်တွေ မလေးမှာ ပစ်ခတ်ခံရ

  • 7 ဖေဖော်ဝါရီ 2014
RNDP Logo
Image caption RNDP ခေါင်းဆောင်ကို ပစ်မှတ် ထားတာလို့ ယူဆနေ

ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ လိုက်ပါလာတဲ့ ကားကို လူနှစ်ယောက်က မော်တော် ဆိုင်ကယ်နဲ့ ဘေးကလိုက်ပြီး သေနတ်နဲ့ ပစ်ခတ်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ၅ ရက်နေ့ ညပိုင်းက ကွာလာလမ်ပူမြို့တော်မှာ မော်တော် ဆိုင်ကယ်နဲ့ လူနှစ်ယောက်က လိုက်လံ ပစ်ခတ်ခဲ့ရာမှာ ကားကို သေနတ် သုံးချက် ထိမှန်ခဲ့ပါတယ်။

ကားပေါ်ပါလာသူ တစ်ယောက်မှတော့ ထိခိုက်မှု မရှိခဲ့ပါဘူး။

ကားနောက်ခန်းမှာ ထိုင်လာတဲ့ ဒေါက်တာ အေးမောင် ကိုယ်တိုင်က သေနတ် သမားကို မမြင်လိုက်ရပေမဲ့ ကားထဲမှာ ပါလာသူတွေက တော့ ဆိုင်ကယ် နောက်က လိုက်စီးလာသူက သေနတ်နဲ့ ပစ်တာ မြင်ရတယ်လို့ ပြောပါတယ်။

ကျည်ဆန်တွေက ကားနောက်ခန်းကို ထိမှန်တဲ့ အတွက် လုပ်ကြံဖို့ ကြိုးစားသူတွေက ဒေါက်တာ အေးမောင်ကို ပစ်မှတ်ထားတာ ဖြစ်နိုင်တယ်လို့ မလေးရှား အထူးစုံစမ်းထောက်လှမ်းရေး၊ ရဲတွေ အပြင် ရခိုင်လူမှု အဖွဲ့ အစည်းတွေကသုံးသပ်သလို သူတို့ ကိုယ်တိုင်လည်း အလားတူ ယူဆတယ်လို့ ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီလိုပြောရတာက သူတို့ မလေးရှား ခရီစဉ်အတွင်း ကားနဲ့ ခရီးသွားတဲ့ အခါ ဘယ်သူ ဘယ်နေရာမှာ ထိုင်တယ်ဆိုတာ ပုံသေ သတ်မှတ်ထိုင်ခဲ့ကြလို့ ဖြစ်တယ်လို့သူက ဆိုပါတယ်။

အခု လုပ်ရပ်မှာ ဘယ်သူ ဘယ်ဝါဆိုတာ လက်သည် မပေါ်သေးပေမဲ့ အကြမ်းဖက် အဖွဲ့ အစည်းတွေဖြစ်နိုင်ပြီး ရခိုင် ပဋိပက္ခနဲ့ ဆက်စပ်နိုင်တယ်လို့ ယူဆကြောင်း ပြောပါတယ်။

၈၈ မျိုးဆက်အဖွဲ့က ရခိုင် တိုင်းရင်းသား ကိုအောင်ကြီး သေဆုံးတဲ့ ကိစ္စကို လာပြောတဲ့ မလေးရှား အထူးစုံစမ်းရေးနဲ့ ရဲဘက်က တာဝန်ရှိသူတွေက ဒီဖြစ်ရပ်နှစ်ခု ဆက်စပ်မှု ရှိနိုင်တယ်လို့ ပြောခဲ့ကြောင်း ဒေါက်တာ အေးမောင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ