ရှမ်းပြည် ဖွံ့ဖြိုးရေး အရေးတကြီးလိုအပ်နေ

  • 7 ဖေဖော်ဝါရီ 2014
shan
Image caption လက်နက်ကိုင် ဒေသတွေက ရှမ်းအမျိုးသားနေ့

ခေတ်အဆက်ဆက် ဖွံ့ဖြိုးမှု နှေးကွေးတဲ့ တောင်ပေါ် ဒေသ ရှမ်းပြည်နယ် ဟာ မြန်မာ နိုင်ငံရဲ့ ၄ ပုံ ၁ ပုံ ကျယ်ဝန်းတဲ့ အကြီးဆုံး ပြည်နယ် ဖြစ်ပါတယ်။

မတည်ငြိမ်မှုတွေနဲ့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲမှု တွေကြောင့် ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးရေးဟာ အိမ်နီးချင်း တရုတ် နိုင်ငံ၊ ထိုင်းနိုင်ငံ မြန်မာ ပြည်မ ဒေသတွေနဲ့ နှိုင်းစာရင် အများကြီး နောက်ကျ နေပါပြီ။

ရှမ်းပြည်နယ် လူမျိုးစု ဒေသ တွေမှာ ကလေးငယ်တွေ ကြုံလှီ သေးကွေး တဲ့ အာဟာရ လိုအပ်မှု၊ ပညာရေး မှာလည်း ဒေသ ဘာသာ စကား သင်ကြားမှု အားနည်းလို့ ကျောင်းစောစော ထွက်တဲ့ ရာခိုင်နှုန်း များနေတယ် လို့ သမ္မတရဲ့ စီးပွားရေး လူမှုရေး အကြံပေး အဖွဲ့ဝင် ဖြစ်တဲ့ တောင်ကြီး ဇာတိ ဒေါက်တာ ယဉ်ယဉ်နွယ်က သုံးသပ် ပြောဆို ပါတယ်။ ရှမ်းပြည် ဖွံ့ဖြိုးရေး အတွက် ပြည်နယ် အစိုးရမှာ လုပ်ပိုင်ခွင့် အာဏာတွေ ရှိရမယ်၊ လက်ရှိ မှာတော့ ရင်းနှီး မြှုပ်နှံမှု တွေ အပါအဝင် ပညာရေး၊ ကျန်းမာရေး ကိစ္စ တွေမှာ ပြည်နယ်တွေကို ဖွဲ့စည်းပုံက အာဏာ ခွဲပေး မထားဘူး လို့ ရှမ်းအမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး စိုင်းညွန့်လွင်က ထောက်ပြ ပါတယ်။

ထိစပ်နေတဲ့ တရုတ်ပြည်

ရှမ်းပြည်နဲ့ အဓိက ထိစပ်နေတဲ့ တရုတ်ပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးမှု တဟုန်ထိုး တိုးတက် နေတာ ကလည်း နောင်မှာ ကြုံရမယ့် ပြဿနာ တခု ဖြစ်တယ်လို့ စိုင်းညွန့်လွင် က ဆိုပါတယ်။

နယ်စပ် ပြဿနာတွေ ထဲမှာ လူကုန်ကူး တာနဲ့ မူးယစ်ဆေးဝါး ပြဿနာတွေလည်း အဓိက ပါဝင်နေတယ်လို့ ဒေါက်တာ ယဉ်ယဉ်နွယ်က ဆိုပါတယ်။ တရုတ်ပြည် နယ်စပ်က ရှမ်း ကချင် တိုင်းရင်းသား တွေမှာ ပညာပေးမှု အားနည်း လို့ မူးယစ်ဆေး နဲ့ ဆက်နွယ် နေတဲ့ ရောဂါတွေ ကူးစက် ပျံ့နှံ့နှုန်း များနေ တာကို တွေ့ခဲ့ရတယ် လို့လည်း သူက ဆိုပါတယ်။

ဒါပေမဲ့ ရှမ်းပြည်နယ် ဖွံ့ဖြိုးရေးမှာ မရှိမဖြစ် လိုအပ်တဲ့ ငြိမ်းချမ်းရေးနဲ့ ပြည်ထောင်စု ပြင်ဆင်ရေး တွေ အတွက် အရင်ကထက် မျှော်မှန်းချက် တွေ များလာပြီလို့ စိုင်းညွန့်လွင် က ပြောပါတယ်။ လက်ရှိ အစိုးရ က အပစ် ရပ်စဲရေး အတွက် အရင် အစိုးရ တွေထက် လျှော့ပေါ့ ပေးတာ တွေ့ရပြီး ဖက်ဒရယ် စကားတွေ လည်း ပြောလာ ကြပြီ လို့ သူက ဆိုပါတယ်။

တောင်တန်း ပြည်မ ပူးပေါင်း လွတ်လပ်ရေး ယူဖို့ ရှမ်းစော်ဘွား တွေ ပင်လုံမှာ စတင် သဘောတူ ခဲ့တဲ့ ဖေဖော်ဝါရီလ ၇ ရက်နေ့ကို မူလက ရှမ်းအမျိုးသားနေ့ အဖြစ် သတ်မှတ် ခဲ့ပါတယ်။ ၁၉၆၂ စစ်အာဏာသိမ်းပြီး နောက်ပိုင်း ရှမ်းပြည်နယ် နေ့လို့ ပြောင်းလဲ ကျင်းပခဲ့တဲ့ ဒီနေ့ ကို မြန်မာ သမ္မတ ဦးသိန်းစိန်က ဒီနှစ်မှာ ထူးထူးခြားခြား သဝဏ်လွှာ ပို့ခဲ့သလို ဒေါ်အောင်ဆန်းစုကြည် လည်း တက်ရောက်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ