ရွှေတိဂုံကို ကမ္ဘာ့ အမွေအနှစ် စာရင်း သွင်းနိုင်ဖို့ ကြိုးစား

  • 7 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ဗုဒ္ဓဘာသာဝင်တွေ အထွတ်အမြတ်ထားရာ ရွှေတိဂုံ စေတီတော်ကြီး

ရန်ကုန်မြို့မှာ ရှိတဲ့ ရွှေတိဂုံ စေတီတော်ကြီးကို UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်းထဲ သွင်းနိုင်ဖို့ ယဉ်ကျေးမှု ဝန်ကြီးဌာနက ကြိုးပမ်း နေပါတယ်။

ရွှေတိဂုံ စေတီတော်ကြီးဟာ UNESCO က သတ်မှတ်ထားတဲ့ အချက်တွေ ဖြစ်တဲ့ ထူးခြား အရေးပါမှု၊ စစ်မှန်မှု ဆိုတဲ့ အချက်တွေနဲ့ ပြည့်စုံတဲ့ အတွက် UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်းထဲ ပါဖို့ အလားအလာ ကောင်းတယ်လို့ ရွှေတိဂုံ စေတီတော်ကြီးကို UNESCO ကမ္ဘာ့ အမွေအနှစ် စာရင်းထဲ သွင်းနိုင်ဖို့ စီစဉ် ဆောင်ရွက်နေတဲ့သူတွေထဲက တဦး ဖြစ်တဲ့ ရှေးဟောင်း သုတေသန ၊အမျိုးသားပြတိုက်နဲ့ အမျိုးသား စာကြည့်တိုက် ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဦးစန်းဝင်း က ဘီဘီစီကို ပြောပြပါတယ်။

၁၉၉၆ခုနှစ်က တင်သွင်းထားတဲ့ လျာထား စာရင်းမှာ ရွှေတိဂုံ မပါဝင်ခဲ့တာကြောင့် အခု လျာထား စာရင်းမှာ ပါအောင် စီစဉ် ဆောင်ရွက်နေတာလို့ ဆိုပါတယ်။

ရွှေတိဂုံ စေတီတော်ကို သက်ဆိုင်ရာ ဂေါပက အဖွဲ့ရဲ့ ထိန်းကွပ်မှုအောက်မှာ လိုအပ်တဲ့ ပြုပြင် ထိန်းသိမ်းရေး လုပ်ငန်းတွေကို ဆောက်လုပ်ရေး၊ အင်္ဂျင်နီယာ၊ မြို့ပြ၊ သမိုင်း၊ ရှေးဟောင်း၊ အနုပညာ စတဲ့ အပိုင်းကဏ္ဍတွေမှာ သက်ဆိုင်ရာ ပညာရှင်တွေ ထောင့်စုံ ထားရှိပြီး သူတို့ရဲ့ အကြံဉာဏ်နဲ့ သက်ဆိုင်ရာ သတ်မှတ်ချက်တွေကို အချိန်မရွေး စစ်ဆေး ပြုပြင်နေတဲ့အတွက် ပျက်စီး ယိုယွင်းမှု မရှိဘူးလို့ ဦးစန်းဝင်းက ပြောပြပါတယ်။

ရွှေတိဂုံ စေတီတော်ဟာ ပွင့်တော်မူပြီးသော ဘုရား လေးဆူတို့ရဲ့ ဓါတ်တော် မွေတော်တွေ ကိန်းဝပ်တဲ့ စေတီတော်ကြီး ဖြစ်ပြီး ရှေးဟောင်း အမွေအနှစ်တွေကို မထိခိုက်အောင် ထိန်းသိမ်းရာမှာ ခေတ်မှီနည်းတွေနဲ့ မျှတအောင် လုပ်သွားမှာ ဖြစ်ကြောင်း ရှေးဟောင်း သုတေသန ၊အမျိုးသားပြတိုက်နဲ့ အမျိုးသား စာကြည့်တိုက် ညွှန်ကြားရေးမှူးချုပ် အငြိမ်းစား ဦးစန်းဝင်း က ပြောပါတယ်။