"ခြေဖဝါးတော်နုနု"ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပြသ

  • 8 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် Getty
Image caption ဘာလင် ရုပ်ရှင်ပွဲတော် ဖွင့်ပွဲက မြင်ကွင်းတခု

ကွယ်လွန်သူ ဒါရိုက်တာ မောင်ဝဏ္ဏ ၁၉၇၂ ခုနှစ်မှာ ရိုက်ကူးခဲ့တဲ့ "ခြေဖဝါးတော်နုနု" ဇာတ်ကားကို ဒစ်ဂျယ်တယ် နည်းပညာနဲ့ ပြန်လည် ပြုပြင် ထိန်းသိမ်းပြီး ၆၄ ကြိမ်မြောက် ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပြသနိုင်ခဲ့ပါတယ်။

ဖေဖော်ဝါရီလ ခုနစ်ရက် နေ့က ရုပ်ရှင်သစ် ဖိုရမ် ကဏ္ဍမှာ ပါဝင်ပြသခဲ့တဲ့ ဒီဇာတ်ကားကို ပရိသတ်တွေ ရုံပြည့်ရုံလျှံ လာရောက် အားပေး ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။

အဖြူအမည်း ဖလင်နဲ့ ရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဇာတ်ကားကို လက်ရှိ နိုင်ငံတကာမှာ ပြသနေတဲ့ အင်္ဂလိပ်စာတမ်းထိုး ဒစ်ဂျစ်တယ် ရုပ်ရှင်အဖြစ် အသွင်ပြောင်းနိုင်ဖို့ ရန်ကုန် ရုပ်ရှင် သင်တန်းကျောင်းက ဒါရိုက်တာရဲ့ ကျန်ရစ်သူ မိသားစုကို ဆက်သွယ်ပြီး ကြိုးစားခဲ့တာ ဖြစ်ပါတယ်။

ဒီဇာတ်ကားကို ခုလို ပြုပြင်ထိမ်းသိမ်းဖို့ ဘယ်လို စိတ်ကူး ပေါ်လာသလဲ ဆိုတဲ့ မေးခွန်းကို ရန်ကုန်ရုပ်ရှင်သင်တန်းကျောင်းက ဂျာမန်လူမျိုး ဒါရိုက်တာ လင်စေး မန်ရင်ဆင်က ပြောပြရာမှာ ၂၀၁၂ ခုနှစ် ဝသန် ရုပ်ရှင်ပွဲတော်မှာ ဒီဇာတ်ကားကို စကြည့်ခဲ့ရတာလို့ ဆိုပါတယ်။

မြန်မာ့ရုပ်ရှင် ရွှေရောင်လွှမ်းခဲ့တုန်းက ဇာတ်ကားတွေကို အဲဒီပွဲတော်ရဲ့ Memory ဆိုတဲ့ ကဏ္ဍမှာ ပြတုန်းက ဒီဇာတ်ကားကို ကြည့်ရပြီး အရမ်း ကြိုက်သွားခဲ့တာလို့ သူက ပြောပါတယ်။

ငွေကြေး အခက်အခဲတွေ ရှိခဲ့ပေမယ့် ဂိုထေး အင်စတီကျုနဲ့ ဂျာမန် ကုမ္ပဏီ အာရီ တို့က ကူညီခဲ့လို့ အဆင်ပြေခဲ့တယ်လို့ လင်စေးက ပြောပြပါတယ်။

အသံနဲ့ အရုပ်တွေ ချိန်သား မကိုက်တဲ့ နေရာအချို့ မူရင်း ဖလင်မှာ ပါရှိနေတာကို ပြန်လည် ပြုပြင် ထိမ်းသိမ်းဖို့ ဘာလင်က Die basis အသံဖမ်း စတူဒီယိုကို အကူအညီ တောင်းခဲ့ရတယ်လို့လဲ သိရပါတယ်။

"ခြေဖဝါးတော်နုနု" ဇာတ်ကားဟာ မြန်မာ့ဇာတ်သဘင် လောကကို အခြေခံ ရိုက်ကူးထားပြီး ဇာတ်စင် နောက်ကွယ်က ဇာတ်သမားဘ၀ မြင်ကွင်းတွေကို ဖော်ထုတ် တင်ပြထားတဲ့ မြန်မာ့ အရိပ်အငွေ့ လွှမ်းနေတဲ့ ဇာတ်ကား တစ်ကားလဲ ဖြစ်ပါတယ်။

ရှေးမြန်မာ ရုပ်ရှင်ဇာတ်ကားကောင်းတွေ ပျက်စီးပျောက်ဆုံးကုန်တဲ့အတွက် နိုင်ငံတကာကို ရှားရှားပါးပါး ထွက်လာနိုင်တဲ့ ဒီဇာတ်ကားကို ဘာလင် ရုပ်ရှင်ပွဲတော်မှာ ပရိသတ်က အထူးနှစ်ခြိုက်ခဲ့တယ်လို့ လင်စေးက ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာအရပ်ရပ်က ပရိသတ် ရာဂဏန်းက နှစ်ခြိုက်အားပေးတာကို စိတ်လှုပ်ရှားစရာ မြင်ခဲ့ရပြီး ဒီပွဲကို မြန်မာတချို့ လာကြည့်ကြတာ တွေ့ရသလို မြန်မာ ပရိသတ်တွေတောင် ဒီဇာတ်ကားကို မကြည့်ကြဖူးဘူးလို့ ဆိုကြောင်း အဲဒီအတွက် တကယ်ကို အားရစရာ အတွေ့အကြုံဘဲလို့ သူက ပြောပါတယ်။

ဒီရုပ်ရှင်ကား၏ ဒစ်ဂျစ်တယ် မိတ္တူ တစ်စုံ ကို မြန်မာ့အသံနှင့် ရုပ်မြင်သံကြား မော်ကွန်းဌာန ကို ပေးအပ် လှူဒါန်းမှာ ဖြစ်တဲ့အတွက် မြန်မာ ပရိသတ်တွေ မကြာခင်မှာ ကြည့်ရှုရဦးမယ်လို့ မျှော်လင့်ရပါတယ်။

လောလောဆယ်မှာတော့ ဒီလ ၁၃ ရက်နေ့မှာ ဘာလင်မြို့က ဆိုနီစင်တာမှာ ဒီဇာတ်ကားကို တစ်ကြိမ် ထပ်ပြဦးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ