NLD ကျန်းမာရေး ကွန်ရက် ဂီတဖျော်ဖြေပွဲ

  • 9 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် others
Image caption အန်အယ်ဒီ ကျန်းမာရေး ကွန်ရက် ရံပုံငွေရှာပြီ

မနေ့က ညနေမှာ ရန်ကုန်မြို့မှာ ပြုလုပ်ခဲ့တဲ့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ရဲ့ အမျိုးသားကျန်းမာရေး ကွန်ရက် နှစ်ပတ်လည် ဂီတဖျော်ဖြေပွဲမှာ ရန်ပုံငွေ တော်တော်များများ အလှူငွေအဖြစ် လက်ခံ ရရှိခဲ့ပါတယ်။

၂၀၁၄ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့ဟာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အမျိုးသား ကျန်းမာရေး ကွန်ရက် စတင်ဖွဲ့စည်းတာ တစ်နှစ်ပြည့်တဲ့ နေ့ဖြစ်တာကြောင့် နှစ်ပတ်လည် ဂီတဖျော်ဖြေပွဲလုပ်ပြီး ရန်ပုံငွေ ရှာဖွေတာ ဖြစ်ပါတယ်။

ဂီတဖြေဖျော်မှုတွေ မပြီးဆုံးခင်မှာပဲ လှူဒါန်းငွေတွေက တော်တော်ရနေပြီး နောက်ထပ် လာလှူနေတာတွေလဲ ရှိနေတဲ့အတွက် ပွဲပြီးတဲ့အခါ သိန်း ၈၀၀ ကျော်ကျော်လောက်တော့ ရနိုင်မယ်လို့ မှန်းထားတဲ့အကြောင်းနဲ့ ကားတစင်းလည်း လက်ခံရပြီလို့ အလှူငွေ ကောက်ခံတဲ့ ဌာနက ဒုတိယ ဥက္ကဋ္ဌ ဒေါက်တာ ဒေါ်ရွှေပုံ က ပြောပါတယ်။

တာမွေမြို့နယ်မှာ ပြုလုပ်ခဲ့တဲ့ ဒီဂီတ ဖျော်ဖြေပွဲမှာ နာမည်ကြီး အဆိုတော် တော်တော်များများ ပါဝင်သီဆို ရန်ပုံငွေ ရှာဖွေပေးခဲ့တာ ဖြစ်ပါတယ်။

အခုလို ရရှိလာတဲ့ အလှူငွေတွေကို ရွေ့လျား ခွဲစိတ် ကုသဌာနတွေနဲ့ လောက်င ပိုလျှံခဲ့ရင် နယ်တွေမှာ တာဝန်ထမ်းဆောင်တဲ့ ဆရာဝန်တွေကို Emergency medical service EMS လို့ ခေါ်တဲ့ အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း သင်တန်းတွေလဲ ပေးသွားဖို့ ရည်ရွယ်ထားတယ်လို့ ကွန်ယက်ခေါင်းဆောင် ဒေါက်တာ တင်မျိုးဝင်းက ပြောပါတယ်။

EMS ဆိုတာ ကတော့ အရေးပေါ် လူနာတင်ယာဉ်လို ကားမျိုးတွေပေါ်မှာ ဆရာဝန်တွေက ဆေးပစ္စည်းတွေနဲ့ တခါတည်း လိုက်ပါပြီး ဆေးရုံအသွား လမ်းမှာတင် အသက်ကယ် ကုသပေးလို့ ရတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းကို ပြောတာ ဖြစ်ပါတယ်။

အာဆီယံနိုင်ငံတွေမှာ အသုံးပြုတာ ကြာပြီ ဖြစ်ပေမယ့် မြန်မာနိုင်ငံမှာတော့ အာဆီယံ အားကစား ပွဲတွေ လက်ခံကျင်းပချိန်ရောက်မှ စသုံးနိုင်ခဲ့တယ်လို့ ဒေါက်တာ တင်မျိုးဝင်းက ပြောပြပါတယ်။

ကျန်းမာရေးကဏ္ဍက လိုအပ်ချက်တွေကို NLD က အတိုက်အခံ အနေနဲ့ ဖိအားပေးမယ့် အစား အစိုးရ လုပ်ရမယ့် အလုပ်တွေကို ဘာလို့ ကိုယ်တိုင် ဝင်လုပ်နေရသလဲ ဒါတွေဟာ အစိုးရက လုပ်တာလောက် အကျိုး ရှိနိုင်ပါ့မလား လို့ မေးတဲ့အခါမှာတော့ ဒေါက်တာ တင်မျိုးဝင်းက ကျန်းမာရေး ဆိုတဲ့ လူထု အကျိုးပြု ကိစ္စမှာ အစိုးရနဲ့ အတိုက်အခံ ခွဲခြား နေစရာမလို လုပ်သင့်တာကို လုပ်သွားဖို့ လိုတယ်လို့ ဆိုသွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ