ဂျာမနီ မြန်မာ ကုန်သွယ်ရေး တိုးမြှင့်ဖို့ ပြင်

  • 9 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမနီ သမ္မတ Joachim Gauck ရွှေတိဂုံ စေတီကို သွားရောက် ဖူးမြှော်စဉ်

ဂျာမနီ သမ္မတ Joachim Gauck မြန်မာနိုင်ငံကို ဒီကနေ့ တနင်္ဂနွေနေ့မှာ ရောက်ရှိ လာပါတယ်။

ဒီခရီးစဉ်အတွင်းမှာ သမ္မတ Gauck ဟာ မြန်မာ သမ္မတ ဦးသိန်းစိန်နဲ့ တွေ့ဆုံဖို့ ရှိသလို ရန်ကုန် တက္ကသိုလ်မှာ မိန့်ခွန်းပြောဖို့ ရှိပါတယ်။

မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ( UMFCCI )နဲ့ လက်မှတ်ရေးထိုး သဘောတူထားတဲ့ ဂျာမနီ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ်( GCCI ) ရုံးခွဲ ကိုလည်း သမ္မတ Gauck က ဖွင့်လှစ်ပေးမှာ ဖြစ်ပါတယ်။

ဒီခရီးစဉ်အတွင်းမှာ သမ္မတ Gauck နဲ့အတူ ဂျာမန် စီးပွားရေး လုပ်ငန်းရှင် ၁၅၀ကျော်လောက် လိုက်ပါလာတာမို့ ဂျာမန် စီးပွားရေး လုပ်ငန်းရှင်တွေအနေနဲ့ မြန်မာနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ဖို့ စိတ်အားထက်သန်နေကြတာ ထင်ရှားနေတယ်လို့ မြန်မာနိုင်ငံ ကုန်သည်ကြီးများနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဥက္ကဌ ဦးဝင်းအောင်က ဘီဘီစီကို ပြောပါတယ်။

ဂျာမနီသမ္မတ Gauckရဲ့ ခရီးစဉ်အတွင်းမှာ မြန်မာ ကုန်သည် စက်မှု အသင်းချုပ်နဲ့ ဂျာမနီကုန်သည် စက်မှု အသင်းချုပ် အကြား နည်းပညာပိုင်း ဆိုင်ရာ ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ရင်းနှီး မြှုပ်နှံမှု၊ ကုန်သွယ်မှု ပူးပေါင်း ဆောင်ရွက်ရေးတွေအတွက် နားလည်မှု စာချွန်လွှာ တရပ် လက်မှတ် ထိုးဖို့ ရှိတယ်လို့ ဦးဝင်းအောင်က ပြောပြပါတယ်။