မြန်မာ့ကြွေး ယူရိုသန်းငါးရာ ဂျာမန် မယူလို

  • 10 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဂျာမန်သမ္မတနဲ့ ဒေါ်စု ပူးတွဲ သတင်းစာရှင်း

မြန်မာ နိုင်ငံက ဂျာမနီကို ပြန်ဆပ်ဖို့ ရှိနေတဲ့ အကြွေး ယူရို သန်း ၅ဝဝ ကို ဂျာမနီ နိုင်ငံက လျှော်ပစ်မယ်လို့ မြန်မာနိုင်ငံကို ရောက်နေတဲ့ ဂျာမန် သမ္မတက ပြောပါတယ်။

နှစ်ပေါင်း ၃ဝ နီးပါးမှာ မြန်မာ နိုင်ငံကို ပထမဆုံး ရောက်ရှိလာတဲ့ ဂျာမနီ နိုင်ငံ သမ္မတ ယိုကင်မ် ဂေါ့ခ် Joachim Gauck ရဲ့ ခရီးစဉ် အတွင်းမှာ မြန်မာ နိုင်ငံက တင်ရှိ နေတဲ့ ကြွေးမြီ ယူရို သန်းပေါင်း ၁ဝ၈၄ သန်း ထဲက ၅ဝ ရာခိုင်နှုန်းကို လျှော်ပစ် မယ့် အကြောင်း ထုတ်ဖော် ပြောလိုက်တာ ဖြစ်ပါတယ်။

အကြွေး ယူရိုသန်း တစ်ထောင် ကျော် ထဲက ကျန် တဝက်ကျော် ကိုတော့ အတိုး ၃ ရာခိုင်နှုန်းနဲ့ ၁၅ နှစ် အတွင်း ပြန်ဆပ်ရမှာ ဖြစ်ပါတယ်။

ဒီလို ကြွေးလျှော်ပစ်မှုဟာ ၂ဝ၁၅ ရွေးကောက်ပွဲ အကြို မြန်မာ့ ပြုပြင် ပြောင်းလဲမှုတွေ တည်ငြိမ် စိတ်ချ ရေး အားပေးတဲ့ သဘော ဖြစ်တယ်လို့ စီးပွားရေး ပညာရှင် ဒေါက်တာ အောင်ကိုကိုက ပြောပါတယ်။

တကယ် တိုင်းပြည် စီးပွားရေး ဖွံ့ဖြိုးလာဖို့ ဒီလို နိုင်ငံတကာ အကူအညီ တွေ အပြင် ပြည်တွင်း စီးပွားရေး ထုတ်လုပ်မှု တွေ တိုးတက်ဖို့ လိုတယ်၊ ငွေကြေး ထက် နည်းပညာ အကူ တွေ ပေးသင့်တယ် လို့လည်း သူက ဆိုပါတယ်။

ဂျာမန် သမ္မတ Joachim Gauck ဟာ ဖေဖော်ဝါရီလ ၁၀ ရက်နေ့ တနင်္လာ နေ့က နေပြည်တော်မှာ သမ္မတ ဦးသိန်းစိန်၊ ပြည်ထောင်စု လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်း၊ ဒေါ်အောင်ဆန်း စုကြည် တို့နဲ့ တွေ့ဆုံ ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ