ရခိုင်ခေါင်းဆောင်အဖွဲ့ကို ပစ်ခတ်သူ စုံစမ်း

  • 10 ဖေဖော်ဝါရီ 2014
_malaysia ဓာတ်ပုံ မူပိုင် AP
Image caption မလေးရှား ရဲတပ်ဖွဲ့

ရခိုင် တိုင်းရင်းသား ခေါင်းဆောင်တွေ ဖြစ်ကြတဲ့ ဦးအေးသာအောင်နဲ့ ဒေါက်တာ အေးမောင်တို့ ပြီးခဲ့တဲ့ အပတ် က မလေးရှား နိုင်ငံ ခရီးစဉ် အတွင်း ကွာလာ လမ်ပူမှာ ကားနဲ့ သွားလာစဉ်၊ ဆိုင်ကယ် တစီး ပေါ်ကနေ သေနတ် နဲ့ ပစ်ခတ်ခံရပါတယ်။ ဒီအမှုနဲ့ ပတ်သက်ပြီးမလေးရှား ရဲ က လုံခြုံရေး ကင်မရာ စီစီတီဗီ မှတ်တမ်းတွေ အရ သံသယ ရှိသူတွေ ကို ရှာဖွေ နေပါပြီ။

ဒီအမှု ကို ကိုင်တွယ် ဆောင်ရွက်နေတဲ့ ရဲအရာရှိ ဘားဆွတ် က အမှု ကို စုံစမ်းနေဆဲ ဖြစ်လို့ သံသယ ရှိသူ နှစ်ယောက် နဲ့ ပတ်သက်ပြီး မှတ်ချက်မပြုလို သေးကြောင်း၊ မြန်မာသံရုံး ရဲ့ ပန်ကြားချက်လည်း ရရှိထား ကြောင်း၊ မြန်မာ အစိုးရ ဘက်ကနေ ရဲတပ်ဖွဲ့ချင်း ပူးပေါင်း ဆောင်ရွက်ဖို့ ကမ်းလှမ်းလာ ပါက၊ ကြိုဆိုဖို့ ရှိသလို နိုင်ငံတကာ ရဲတပ်ဖွဲ့ အင်တာပိုလ် နဲ့ ပူးပေါင်း ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

သေနတ်နဲ့ အပစ်ခံရတဲ့ အထဲက ရခိုင်အမျိုးသား တိုးတက်ရေး ပါတီ မှ ခေါင်းဆောင် ဒေါက်တာအေးမောင် ကလည်း ဒီအမှု ကို ဆက်လက် အရေးယူနိုင်ရေး အတွက် သူ့ပါတီက တာဝန်ရှိသူတွေ က တဆင့် မြန်မာနိုင်ငံ ရဲချုပ် နဲ့ ညှိနှိုင်းပြီး ဆောင်ရွက်မယ့် အကြောင်း ဘီဘီစီ ကို ပြောပါတယ်။

ဖေဖေါ်ဝါရီ ၁၂ ရက် ဗုဒ္ဓဟူး နေ့မှာတော့ အမှုသွား အမှုလာ နဲ့ ပတ်သက်ပြီး၊ မလေးရှား နိုင်ငံမှာ အထူးသတင်း ထောက်လှမ်းရေး တပ်ဖွဲ့နဲ့ ရာဇဝတ်မှုခင်း ဌာနတို့ ပူးတွဲပြီး သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မယ့် အကြောင်း၊ ဒေါက်တာအေးမောင် က ဘီဘီစီ ကို ပြောပါတယ်။