ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် မိသားစုနဲ့ မြန်မာ နိုင်ငံမှာဆုံ

  • 10 ဖေဖော်ဝါရီ 2014
Former Prime Minister of Thailand ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာ သက်ဆင်က ကမ္ဘော ဒီးယား ဝန်ကြီးချုပ် နဲ့လည်း ရင်းနှီး

ထိုင်းနိုင်ငံက နိုင်ငံရေး တင်းမာမှု တွေမှာ အဓိက ဆန့်ကျင် ခံနေရတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်က မြန်မာနိုင်ငံမှာ သူ့မိသားစုထဲက အရေးပါတဲ့သူတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

ရန်ကုန်မြို့မှာ ရောက်နေတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ကို သူ့ရဲ့ ညီမအကြီး ဖြစ်သူ ယောင်းဝဖါး ဝုံးစဝပ်နဲ့ သူ့ရဲ့ ခင်ပွန်း ဝန်ကြီးချုပ်ဟောင်း ဆွမ်ချိုင်း ဝုံးစဝပ် အပါအဝင် စုစုပေါင်း ၆ ယောက် တို့က ပြီးခဲ့တဲ့ သောကြာနေ့နဲ့ စနေနေ့က သွားရောက် တွေ့ဆုံ ခဲ့တယ်လို့ မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

သက်ဆင် ရှင်နာဝပ်ကို သူ့ညီမနဲ့ ယောက်ဖတို့ တွေ့ကြ ရာမှာ အပြင်က လူတွေ ပါဝင်ခွင့် မရလို့ ဘာတွေ ပြောကြတယ် ဆိုတာ အတိအကျ မသိရပါဘူး။

ယောက်ဖ တော်စပ်သူ ဝန်ကြီးချုပ်ဟောင်း ဖြစ်တဲ့ ဆွမ်ချိုင်း ဝုံးစဝပ်ဟာ နိုင်ငံရေး မှာ ပါဝင်ခွင့် ၅ နှစ် အပိတ်ခံထားရတဲ့ ပြစ်ဒဏ်က ကင်းလွတ်ခွင့် ရခဲ့ပြီ ဖြစ်လို့ ဖေဖေါ်ဝါရီလ ၂ ရက်နေ့က ပြုလုပ်တဲ့ ထိုင်း ရွေးကောက်ပွဲမှာ လွှတ်တော် အမတ်အဖြစ် ဝင်ရောက် အရွေးခံထား ပါတယ်။

အိမ်စောင့် အစိုးရအဖြစ် တာဝန်ယူ နေရတဲ့ ညီမဖြစ်သူ ဝန်ကြီးချုပ် ယင့်လတ်ခ် ရှင်နဝပ် ကို ဆန့်ကျင် ဆန္ဒပြနေတဲ့ အဓိက အကြောင်းက လည်း ဝန်ကြီးချုပ်ဟောင်း သပ်စင် ရှင်နာဝပ် တိုင်နိုင်ငံ ပြန်လာမှာကို ဆန့်ကျင် နေကြတာ ဖြစ်ပါတယ်။

မစ္စတာ သပ်စင်က ထိုင်းနိုင်ငံကို ကိုယ်ပိုင် ပစ္စည်းလို သဘောထားပြီး မိသားစု မျိုးရိုးအလိုက် အုပ်ချုပ်ဖို့ ကြိုးစားနေတယ်၊ ကိုယ်ကျိုး စီးပွားအတွက် အဂတိ လိုက်စားခဲ့တယ် ဆိုပြီး တရားရုံး တစ်ခုက ထောင်ဒဏ် ၂ နှစ် ပြစ်ဒဏ် ချမှတ် တာ ခံထားရပါတယ်။

ဒါ့အပြင် နောက်ထပ် စွဲချက်တွေ အများကြီးနဲ့ ရင်ဆိုင် နေရလို့ ပြည်ပမှာ တိမ်းရှောင် နေရတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံမှာ ဖမ်းဝရမ်း ထုတ်ခံ ထားသူက မြန်မာနိုင်ငံကို သွားရောက်တာနဲ့ ပတ်သက်လို့ မြန်မာအစိုးရ တာဝန်ရှိသူ တစ်ယောက်ကို မေးကြည့် ရာမှာ ထိုင်းအစိုးရက မြန်မာဘက်ကို တစ်စုံတရာ အကြောင်းကြားထား တာမျိုး မရှိတဲ့ အတွက် သာမန် နိုင်ငံခြားသားတွေ လိုပဲ ဝင်ထွက် သွားလာနိုင်ကြောင်းနဲ့ အစိုးရ ဘက်ကလည်း လုံခြုံရေးတွေ ထူးထူးခြားခြား လုပ်ပေးတာ မရှိဘူးလို့ ပြောပါတယ်။

ဝန်ကြီးချုပ်သက်ဆင် ရှင်နာဝပ် အခုတစ်ခေါက် မြန်မာနိုင်ငံကို လာတာဟာ ဗေဒင်လာ မေးတာ လို့ သိရကြောင်းလည်း အစိုးရတာဝန်ရှိသူကပြောပါတယ်။

ဝန်ကြီး ချုပ်ဟောင်း သက်ဆင် ရှင်နာဝပ်ဟာ မြန်မာနိုင်ငံက အကြား အမြင် ဟောတဲ့ အီးတီကို ယုံကြည် ကိုးစားသူဖြစ်တယ်လို့ သူ့မိသားစု အသိုင်းအဝိုင်းက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ