ဗိုလ်ချုပ်အောင်ဆန်း ၉၉နှစ် ပြည့် အမှတ်တရ

  • 13 ဖေဖော်ဝါရီ 2014
general_aung_san_
Image caption ဗိုလ်ချုပ်အောင်ဆန်း အမှတ်တရ

ကနေ့ ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဟာ ဗိုလ်ချုပ်အောင်ဆန်း ရဲ့ ၉၉ နှစ်ပြည့် မွေးနေ့ ဖြစ်တဲ့ အတွက် မြန်မာ့ နိုင်ငံရေး လောကမှာ ဘယ်သူ နဲ့မှ မတူအောင် လေးစား ချစ်ခင်မှု ခံနေရဆဲ ဖြစ်တဲ့ အကြောင်းရင်း ကို သူ့ အကြောင်း ရေးသား ခဲ့ ကြတဲ့ စာရေးဆရာကြီး တချို့ ရဲ့ အမြင် တွေ တင်ပြဖို့ ဖြစ်လာပါတယ်။

ကွယ်လွန်တာ အနှစ် ၇ဝ နီးပါး ရှိလာတဲ့ တိုင်အောင်၊ မြန်မာပြည်သူ တွေ သူ့ကို မမေ့ရခြင်း အကြောင်းရင်းထဲမှာ ကြေကွဲဖွယ် ဘဝ နိဂုံးချုပ် ရတာထက် ပင်ကိုယ် အရည်အချင်း ကောင်းတွေ ကြောင့် တိုင်းပြည်ရဲ့ တသသ အောက်မေ့တာ ခံယူ ရတာ ဖြစ်တဲ့ အကြောင်း နိုင်ငံရေး အတ္ထုပ္ပတ္တိ စာအုပ် အများအပြား ရေးသားခဲ့တဲ့ စာရေးဆရာ တက္ကသိုလ် စိန်တင် က ဘီဘီစီ ကို ပြောပါတယ်။

ဗိုလ်ချုပ်ဟာ ရောက်တဲ့ နေရာမှာ ပြဿနာတွေ ကို ခေါင်းအေးအေး ထားပြီး ဖြေရှင်းတတ်သူ ဖြစ်ကြောင်း၊ ငြိမ်းချမ်းရေး သမား သက်သက်မဟုတ်ဘဲ နယ်ချဲ့ ကို တိုက်ပြီး ဖြေရှင်းခဲ့ ကြောင်း၊ ဒါပေမဲ့ လွတ်လပ်ရေး အတွက် ကြိုးပမ်း ရာမှာတော့ ငြိမ်းချမ်းရေး ဘက်ဆီ စိတ်ဓါတ် ကို ရွှေ့ပေးခဲ့ကြောင်း၊ ဒီကမှ တဆင့် အောင်ဆန်း အက်တလီ စာချုပ် ချုပ်ဆို ဖြစ်ပုံ ကို တက္ကသိုလ် စိန်တင် က ရှင်းပြပါတယ်။

ဗိုလ်ချုပ်အောင်ဆန်းဟာ စိတ်ရှည် သည်းခံ ဆောင်ရွက် တတ်ပေမယ့် လူငယ်ဘာဝ တဇွတ်ထိုး မဆင်မခြင် ပြောဆိုခဲ့လို့ ဖဆပလ ကွန်မြူနစ် ညီညွတ်ရေး ပြိုကွဲမှု လို မဖြစ်သင့်တဲ့ ကိစ္စတွေ ဖြစ်ခဲ့ ဖူးကြောင်း၊ သတင်းစာ ဆရာ၊ စာရေးဆရာ လှကွန့် က ဘီဘီစီ ကို ပြောပါတယ်။ သခင်သန်းထွန်း အပေါ်မှာ နိုင်စားလေ့ ရှိတာကို သခင်နု ရေးတဲ့ စာအုပ်မှာ ဖတ်ဖူးကြောင်း၊ လူငယ်ခေါင်းဆောင် အချင်းချင်းကြား မှာ တိုင်းပြည်ရဲ့ အကျိုးစီးပွား ကြည့်ပြောရင် ဖဆပလ ထဲက ကွန်မြူနစ် ပါတီ ကို ထုတ်စရာ မရှိကြောင်း၊ နောက်ပိုင်းမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဟာ ဒီအချက် ကို ပြန်လည်သုံးသပ်မိပုံ ကို စာရေးဆရာ လှကွန့် က ရှင်းပြပါတယ်။

အသက်၃၂ နှစ် ရွယ် မှာ ကျဆုံးခဲ့ရတဲ့ ဗိုလ်ချုပ်အောင်ဆန်း နဲ့ ပတ်သက်လို့ သူ့ရဲ့ ခေါင်းဆောင် ပီသမှု၊ ရိုးသားမှု နဲ့ စွမ်းရည်သတ္တိ ပြည့်ဝမှု တွေဟာ ခေတ်ဆိုး၊ စနစ်ဆိုး နဲ့ ကြုံခဲ့ရတဲ့ မြန်မာပြည်သူတွေ အတွက် မမေ့ရက်စရာ၊ အမျိုးသား ခေါင်းဆောင် တယောက် အဖြစ် အမှတ်ရဆဲ ဖြစ်တာ ကို စာရေးဆရာကြီး တွေ က ထောက်ပြကြပါတယ်။

အစီအစဉ်နားဆင်ရန်

သင့်စက်တွင် ဒီမီဒီယာဖိုင်ကို ဖွင့်၍ မရပါ။