တပ်သိမ်းမြေ ဂွက လယ်သမားတွေ ပြန်လိုချင်

  • 12 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption လယ်အသိမ်းခံရတဲ့ လယ်သမားတွေ ဘဝ

ရခိုင်ပြည်နယ် ဂွမြို့နယ်က လယ်သမားတွေဟာ သူတို့ဆီက စစ်တပ်က သိမ်းဆည်းထားတဲ့ လယ်မြေဧက ၁၀၀၀ ကျော်ကို ပြန်လည် ရရှိရေးအတွက် ဆန္ဒဖေါ်ထုတ်ဖို့တင်တာ ခွင့်ပြုချက်မပေးတဲ့ အတွက် အခုအခါ နေပြည်တော်မှာ ဆန္ဒပြခွင့်တင်မယ်လို့ ပြောပါတယ်။

မြေဧက ၁၀၀၀ ကျော်ကို စီမံကိန်း အတွက် ၁၉၉၈ ခုနှစ်ကတည်းက သိမ်းပေမယ့် ခုအချိန်ထိ ဘာမှ လုပ်ကိုင်တာ မရှိတဲ့ အတွက် လယ်မြေ ဥပဒေ ပုဒ်မ (၃၁) နဲ့ (၃၂) အရ ပြန်ပေးရမယ့်မူရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် မြေတွေကို ပြန်မရတာကြောင့် မြေသိမ်းထားတဲ့ ခလရ ၅၅ ရှေ့မှာ ဆန္ဒဖေါ်ထုတ်နိုင်ရေးအတွက် သံတွဲမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှာ ဒီဇင်ဘာ ၂၆ ခွင့်ပြုချက် တင်တယ်လို့ ပြောပါတယ်။

ဒါပေမယ့် ပယ်ချခံရပြီး နောက်ထပ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့မှူး အယူခံတင်ခဲ့ပေမယ့် အောင်မြင်မူ မရှိဘူးလို့ ဆိုပါတယ်။

အမ်းမြို့ အနောက်ပိုင်းတိုင်းရှေ့မှာ ဆန္ဒဖေါ်ထုတ်ဖို့ ဇန္နဝါရီ ၉ ရက်နေ့က အမ်းမြို့နယ် ရဲစခန်းမှာ ထပ်မံ ခွင့်ပြုမိန့် တင်ပြန်တော့လည်း ပယ်ချခံရတယ်လို့ ပြောပါတယ်။

ဇန်နဝါရီ ၂၂ ရက်နေ့မှာတော့ ရခိုင်မှာ ခွင့်ပြုချက်မရတဲ့ အတွက် ရန်ကုန် ပြည်သူ့ရင်ပြင်မှာ ဆန္ဒဖေါ်ထုတ်ပွဲ လုပ်ဖို့ ဒဂုံမြို့နယ် ရဲစခန်းမှာ ခွင့်ပြုချက်တောင်းခံ ရာမှာ အခု ပယ်ချခံရတယ်လို့ ဆိုပါတယ်။

ခုလို ပယ်ချခံရတဲ့ အတွက် တိုင်းရဲတပ်ဖွဲ့မှူးဆီ အသနားခံ စာပြန်တင်မယ်လို့ ပြောပါတယ်။

အကယ်၍ ပယ်ချရင်တော့ နေပြည်တော်မှာ ဆန္ဒပြဖို့ ခွင့်ပြုချက်တင်မယ်လို့ ဆိုပါတယ်။

ဒီလယ်မြေတွေကို ပြန်ရရေးအတွက် နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ ဦးဉာဏ်ထွန်း၊ ပြည်သူ့လွှတ်တော် ဥက္ကဌ၊ လယ်ယာမြေနဲ့ အခြားမြေများ စစ်ဆေးရေး ကော်မရှင် ဥက္ကဌ ဦးတင်ထွဋ်၊ ကာကွယ်ရေး ဦးစီးချုပ် မင်းအောင်လှိုင် ၊ ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်ကြီး ဝေလွင် တို့ကိုလည်း စာတင်ပေမယ့် ဘာမှ အကြောင်းပြန်ကြားတာ မရှိဘူးလို့ ဆိုပါတယ်။

ဂွမြို့နယ်က ကမ်းသာယာ ပင်လယ်ကမ်းခြေက မိုင် (၅) မိုင်ရှည်တဲ့ နေရာတွေက မြေတွေနဲ့ ကျိန္တလီ မြို့နယ်ခွဲက ရှောက်ကုန်း၊ သဲကုန်း၊ စေတီကွင်းရွာက သိမ်းထားတဲ့ လယ်ဧက ၁၀၅၄ ဧက ဖြစ်တယ်လို့ ပြောပါတယ်။

ဂွမြို့နယ်ဟာ ရခိုင်ရိုးမနဲ့ ပင်လယ်ကြားမှာ ကျဉ်းမြောင်းတဲ့ နေရာဖြစ်တဲ့ အတွက် မြေလည်း များများစားစား မရှိဘူးလို့ ပြောပါတယ်။

ခုလို မြေအနည်းငယ်ရှိတာကို စစ်တပ်က သိမ်းထားတဲ့ အတွက် လယ်လည်း မလုပ်နိုင်သလို ပင်လယ်ကမ်းခြေ တလျှောက်လုံးကို သိမ်းထားတဲ့ အတွက် ငါးလုပ်ငန်းအတွက်လည်း ငါးတွေကို အခြောက်လှမ်းမယ့် မြေနေရာ၊ ပိုက်ဆိပ်လုပ်မယ့် မြေနေရာတွေလည်း မရှိ ဖြစ်နေတဲ့ အတွက် အထူး အခက်အခဲ ဖြစ်နေကြရတယ်လို့ ဂွဒေသခံ ဗဟိုတရားရုံးရှေ့နေ ဦးတင်ကျော်ညို က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ