ဖက်ဒရယ်ကိစ္စမှာ အစိုးရနဲ့ တိုင်းရင်းသားတွေ အမြင် တူနိုင်ပြီလား

  • 12 ဖေဖော်ဝါရီ 2014
President U Thein Sein of Burma ဓာတ်ပုံ မူပိုင် Reuters
Image caption ပြည်ထောင်စု ထူထောင်ရာမှာ ကြိုးပမ်း ဆောင်ရွက်ဖို့ သမ္မတက တိုင်းရင်းသားတွေကို ပြော

တိုင်းရင်းသားတွေက ဖက်ဒရယ် ပြည်ထောင်စု စစ်စစ် တည်ဆောက်ဖို့ ပြောနေချိန်မှာ အစိုးရက ဖက်ဒရယ် စနစ်ကို အခြေခံတဲ့ ပြည်ထောင်စု တည်ဆောက်ရေးကို ပြောနေတယ်လို့ တိုင်းရင်းသားတွေက ပြောပါတယ်။

ဒါဟာ နှစ်ဘက်ကြားမှာ ဖက်ဒရယ် အရေးနဲ့ ပတ်သက်လို့ မသိမသာ ကွဲလွဲနေတာ ဖြစ်တယ်လို့ အစိုးရနဲ့ ငြိမ်းချမ်းရေး ဆွေးနွေး နေတဲ့ တိုင်းရင်းသား အဖွဲ့ NCCT National Ceasefire Coordination Team က ဦးနိုင်ဟံသာက ပြောပါတယ်။

၆၇ နှစ်မြောက် ပြည်ထောင်စုနေ့ ပြည်ထောင်စုနေ့ အခမ်း အနားအတွက် သမ္မတ ဦးသိန်းစိန်က ပေးပို့တဲ့ သဝဏ်လွှာထဲမှာ ပြည်ထောင်စု စိတ်ဓါတ်နဲ့ ဒီမိုကရေစီ နိုင်ငံ တည်ဆောက် ရာမှာကြိုးပမ်း ဆောင်ရွက် ကြဖို့ တိုင်းရင်းသား တွေကို တိုက်တွန်းထား ပါတယ်။

အစိုးရက ပြောနေတဲ့ ဖက်ဒရယ် ပြည်ထောင်စုဆိုတာ ဘာရယ်လို့ အတိအကျ မသိရသေးပေမဲ့ တိုင်းရင်းသားတွေ ဘက်က လိုလားတဲ့ ဖက်ဒရယ် ပြည်ထောင်စု ဆိုတာက လူမျိုးအပေါ် အခြေခံတဲ့ ပြည်နယ်တွေနဲ့ စုပေါင်းထားတဲ့ ပြည်ထောင်စုကို ဆိုလိုတာလို့ ဦးနိုင်ဟံသာက ပြောပါတယ်။

အစိုးရ ဘက်က လောလောဆယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အရ ပြည်နယ် ၇ ခု တိုင်း ၇ ခုနဲ့ ဖွဲ့စည်းထားပြီး ဗမာ ပြည်နယ် မရှိဘူး၊ ဗမာကလည်း တိုင်းရင်းသား တစ်မျိုးပဲမို့ ပြည်နယ် တစ်ခု အနေနဲ့ ထည့်သွင်း စေချင်တယ်လို့ ဦးနိုင်ဟံသာက ပြောပါတယ်။

အာဏာခွဲဝေမှု မှာလည်း ဗဟို အစိုးရက ချုပ်ကိုင်မှု များနေပြီး ပြည်နယ်တွေမှာ လုပ်ကိုင်ခွင့် နည်းလွန်းတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တိုင်းရင်းသား ဒေသတွေမှာ သယံဇာတ ပိုင်ဆိုင်ခွင့်နဲ့ တခြား အခြေခံ အခွင့် အရေးတွေ နည်းပါတယ်၊ ဘာသာစကား၊ စာပေနဲ့ ယဉ်ကျေးမှုတွေ တိုးတက်အောင် လုပ်နိုင်ခွင့် မရှိဘူး လို့လည်း တိုင်းရင်းသားတွေ ဘက်က ယူဆကြောင်း ဦးနိုင်ဟံသာက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ