ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့ မြို့ကြီးတချို့မှာ ကျင်းပ

  • 13 ဖေဖော်ဝါရီ 2014
Image caption ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်ကို ရောက်ရှိစဉ်။

ဒီကနေ့ ကျရောက်တဲ့ မြန်မာ့ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ် အောင်ဆန်း မွေးနေ့နဲ့ ကလေးများနေ့ အခမ်းအနားကို ရန်ကုန်၊ မန္တလေးနဲ့ မြို့တချို့မှာ ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်နဲ့ တခြား လူမှု့အဖွဲ့အစည်းတွေက ကျင်းပတဲ့ အခမ်း အနားတွေမှာ ကလေးတွေက ကဗျာတွေ၊ သီချင်းတွေ ရွတ်ဆိုခဲ့ကြတဲ့ အပြင် ပုံပြင် ပြောတာတွေလည်း ပြုလုပ်ခဲ့ ပါတယ်။

မြောက်ဒဂုံက သုခ ရိပ်မြုံ ကလေးများ ဂေဟာမှာ ကလေးတွေကို ပဲပြုတ်နဲ့ နံပြား မနက်စာ ကျွေးခဲ့ပါတယ်။

သမီး ဖြစ်သူ ဒေါ်အောင်ဆန်း စုကြည်ကတော့ ဗိုလ်ချုပ် မွေးနေ့ကို ကလေးများနေ့ အဖြစ် သတ်မှတ်တာ သင့်တော်ကြောင်းနဲ့ ဗိုလ်ချုပ် အောင်ဆန်း ဆိုတာဟာ ရိုးသား ဖြောင့်မတ်သူ၊ တိုင်းပြည်ကို ချစ်သူ၊ ပညာတော်သူ၊ သတ္တိရှိသူလို့ သူ့မိခင် ပြောပြချက်အရ သူ ကလေးဘဝ ကတည်းက သိခဲ့ရတဲ့ အတိုင်း ကလေးတွေကို အတုယူ အားကျ စေချင်တယ်လို့ NLD အခမ်းအနားကို ပေးပို့တဲ့ ဗိုလ်ချုပ်မွေးနေ့ အမှာ စကားထဲမှာ ပြောထားပါတယ်။

ဗိုလ်ချုပ် မွေးနေ့မှာ ဗိုလ်ချုပ် အောင်ဆန်း ပြတိုက်ကို သွားရောက် လေ့လာသူတွေနဲ့ စည်ကား နေခဲ့ ပါတယ်။

လာရောက်ကြတဲ့ ကလေး တချို့က အခုမှ ဗိုလ်ချုပ် ပြတိုက်ကို ရောက်ဖူးကြတာ ဖြစ်ပြီး အရင်က ပြတိုက်ရှိမှန်း မကြားဖူးဘူးလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ