စီမံကိန်းကြောင့် ရှမ်းဒေသခံတွေ လူ့အခွင့်အရေး ဆုံးရှုံး

  • 13 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် AFP

ကွမ်းလုံ ရေကာတာ စီမံကိန်းကြောင့် ရှမ်းပြည်နယ်မှာ ဒေသခံတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိနေတယ်လို့ ရှမ်း လူ့အခွင့်အရေး အဖွဲ့ (SHRF) က ဇန်နဝါရီ ၁၃ ရက်က အစီရင်ခံစာ ထုတ်ပြန်ခဲ့ပါတယ်။

ဒေသခံတွေအနေနဲ့ အဓိက ရင်ဆိုင်နေရတာက မြေယာတွေ အဓမ္မ သိမ်းယူခံရတဲ့ကိစ္စ ဖြစ်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

သံလွင်မြစ်ပေါ်မှာ တည်ဆောက်မယ့် ရေကာတာတွေထဲက ကွမ်းလုံ ရေကာတာဟာ Asia World ကုမ္မဏီက တာဝန်ယူ တည်ဆောက်တာ ဖြစ်ပါတယ်။

ဒီစီမံကိန်း အတွက် သိန္နီကနေ ကွမ်းလုံကို ဖြတ်ပြီး တရုတ် နယ်စပ် အထိ အဝေးပြေး လမ်းမကြီး ဖောက်လုပ်နေခဲ့တာပါ။ စီမံကိန်းမှာ တာဝန်ထမ်းဆောင်မယ့် တရုတ်လူမျိုး ဝန်ထမ်းတွေ၊ သုံးစွဲမယ့် စက်ပစ္စည်း ကိရိယာတွေကို သယ်ယူပို့ဆောင်ဖို့ ရည်ရွယ်ပြီး ၂၀၁၂ မှာ စတင် ဖောက်လုပ်ခဲ့ပါတယ်။

ဒီလမ်းကြောင့် ရွာပေါင်း ၆၀ ကျော်က ဒေသခံတွေ မြေယာတွေ ဆုံးရှုံးခဲ့ရတယ်လို့ ရှမ်း လူအခွင့်အရေးအဖွဲ့ အစီရင်ခံစာမှာ ဖော်ပြပါတယ်။

ဒီအတွက် လျော်ကြေးပေးမယ်လို့ ရွာသားတွေကို Asia World က ကတိပေးခဲ့ပေမယ့် လျော်ကြေး မရခဲ့ဘူးလို့ လည်း အစီရင်ခံစာမှာ ပြောထားပါတယ်။

ရှမ်းလူ့အခွင့်အရေးအဖွဲ့က ပြောရေးဆိုခွင့်ရှိသူ နန်းခွမ်လိတ်ကတော့ ဒေသခံတွေရဲ့ ဆန္ဒကို ထည့်သွင်း စဉ်းစားစေချင်ကြောင်း သူတို့အဖွဲ့ရဲ့ သဘောထားကို ပြောပြခဲ့ပါတယ်။

ဒီရေကာတာ စီမံကိန်းအတွက် ဘိလပ်မြေစက်ရုံ ကျောက်စရစ် ကြိတ်ခွဲ ထုတ်လုပ်တဲ့ စက်ရုံ၊ ဓာတ်အားပေးရုံတွေလည်း ဆောက်လုပ်ထားပြီး လောလောဆယ်မှာ စီမံကိန်းအတွက် လုပ်သား ၅၀၀ လောက် လုပ်ကိုင်နေတယ်လို့ သိရပါတယ်။

တရုတ်ဖက်က ဒီရေကာတာ စီမံကိန်းမှာ ပူးပေါင်း ဆောင်ရွက်တဲ့ ကုမ္မဏီက Han Energy Holding Group ဖြစ်ပြီး မြန်မာဖက်ကတော့ Asia World က တာဝန်ယူပါတယ်။

၂၀၁၈ ခုနှစ်မှာ အပြီးတည်ဆောက်ဖို့ စီစဉ်ထားတဲ့ ဒီရေကာတာကနေ လျှပ်စစ်ဓာတ်အား ၁၄၀၀ မီဂါဝပ် ထွက်ရှိလာဖို့ ရည်မှန်းထားပြီး ဓာတ်အား ၈၆% ကို တရုတ်ပြည်ကို တင်ပို့မှာ ဖြစ်ပါတယ်။

ရှမ်းလူ့အခွင့်အရေးအဖွဲ့ရဲ့ အစီရင်ခံစာထဲမှာ ဒေသတွင်း အခြေအနေ မတည်ငြိမ်ပဲ နိုင်ငံတကာ စီမံကိန်းတွေ လုပ်ဆောင်ခဲ့တဲ့အတွက် တိုင်းရင်းသားတွေနဲ့ အစိုးရတပ်တွေကြား တင်းမာမှုတွေ ပိုဖြစ်လာတယ်လို့လည်း ပြောထားပါတယ်။

ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၁၇ ရက်က ကွမ်းလုံမြို့ ကြိုးတံတားနားမှာ ဗုံးပေါက်ကွဲမှု ဖြစ်ခဲ့လို့ Asia World ကုမ္မဏီက ဝန်ထမ်း နှစ်ဦးနဲ့ မြန်မာအစိုးရ စစ်သား တစ်ဦး အပါအဝင် လူငါးဦး သေဆုံးခဲ့ရပါတယ်။