ကေအိုင်အေ တပ်မဟာ ၅ နဲ့ အစိုးရ တိုက်ပွဲဖြစ်

  • 14 ဖေဖော်ဝါရီ 2014
KIA
Image caption အစိုးရက နယ်မြေ စိုးမိုးရေး လုပ်နေတာလို့ ကေအိုင်အို ဆို

ကေအိုင်အေ တပ်မဟာ ၅ နယ်မြေ ထဲမှာရှိတဲ့ ဂျာအင်ယန် စခန်းနဲ့ ခါအူ မှာရှိတဲ့ ရှေ့တန်း စခန်းနှစ်ခု ကနေ ဆုတ်ခွာ ပေးလိုက်တယ်လို့ ကေအိုင်အို ကချင် လွတ်မြောက်ရေး အဖွဲ့ ဖက်က အတည်ပြု ပြောပါတယ်။

ပြည်ထောင်စုနေ့ ပတ်ဝန်းကျင် မှာ ဖြစ်ခဲ့တဲ့ အဲဒီ တိုက်ပွဲတွေ မှာ လက်နက်ကြီးတွေလည်း အသုံးပြုခဲ့ ကြပြီး ဒီမတိုင်ခင် ကလည်း ကေအိုင်အေ စခန်းတခုကို အစိုးရဖက်က သိမ်းခဲ့တယ်လို့ မြစ်ကြီးနား မှာ ရှိတဲ့ ကေအိုင်အို ငြိမ်းချမ်းရေး ဆွေးနွေးရေး ဆိုင်ရာ လုပ်ငန်း အဖွဲ့ဝင် တဦး ဖြစ်တဲ့ ဦးဒေါင်ခါး က ဆိုပါတယ်။

အစိုးရ မြောက်ပိုင်းတိုင်း သစ်မှောင်ခို လုပ်ငန်း တွေကို ရှင်းလင်းမယ်လို့ ကချင် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး အဖွဲ့ (PCG) ကနေတဆင့် အကြောင်း ကြားခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ကေအိုင်အို နယ်မြေ ထဲကို ဝင်လာတဲ့ အစိုးရ စစ်ကြောင်းဟာ သစ်မှောင်ခို ရှင်းလင်းရေး အတွက် လိုအပ်တဲ့ အင်အားထက် အများကြီး ပိုနေတယ်လို့ သူမြင်ကြောင်း ဦးဒေါင်ခါး က ပြောပါတယ်။

မှောင်ခို ရောင်းဝယ် နေတဲ့ သစ်တွေဟာ အစိုးရ ထိန်းချုပ်တဲ့နယ်မြေက လာတာ ဖြစ်ပြီး အစိုးရ အနေနဲ့ ကေအိုင်အိုနဲ့ ပူးပေါင်း ဆောင်ရွက်ချင်တယ် ဆိုရင် သက်ဆိုင်ရာ သစ်တောဝန်ကြီး ဌာန အပါအဝင် အခြား အရပ်ဖက် ဌာန တွေက တဆင့် ဆောင်ရွက် သင့်တယ် လို့လည်း သူကဆိုပါတယ်။

အစိုးရ စစ်ကြောင်းရဲ့ လှုပ်ရှား မှုဟာ သစ်မှောင်ခို နှိမ်နှင်းရေး ခေါင်းစဉ်တပ်ပြီး နယ်မြေ စိုးမိုးရေးအတွက် ဆောင်ရွက်နေတာ ဖြစ်တယ်လို့ မြင်ကြောင်း ဦးဒေါင်ခါးက ပြောပါတယ်။

အစိုးရ ဘက်ကတော့ အခြား အပစ်ရပ် ထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အများကြီး ရှိပေမယ့် တခြား ဒေသမှာ တိုက်ပွဲ မဖြစ်ဘဲ ကချင်ဒေသ မှာဘဲ တိုက်ပွဲဖြစ်နေတာ ဖြစ်တယ် လို့ ဆိုပါတယ်။