နိုင်ငံခြားသား သတင်းထောက်တွေကို ဗီဇာကန့်သတ်

  • 15 ဖေဖော်ဝါရီ 2014
Image caption ကမ္ဘာ့ စီးပွားရေး ဖိုရမ်နဲ့ ဆီးဂိမ်း ကာလတွေအတွင်း နိုင်ငံခြားသား သတင်းထောက် အတော်များများကို လာရောက်သတင်းယူခွင့်ပြုခဲ့

နိုင်ငံခြားသား သတင်းထောက်တွေ အားလုံးကို အရင်က ပြည်တွင်းမှာပဲ ဗီဇာ သက်တမ်း တိုးခွင့် ပေးထားခဲ့ရာကနေ အဲဒီထဲက ရုံးခန်းမဖွင့်ဘဲ သတင်းလာယူနေတဲ့ နိုင်ငံခြားသား သတင်းထောက်တွေ ဗီဇာ သက်တမ်း တိုးမယ် ဆိုရင်တော့ အရင်ကလို ပြည်တွင်းမှာပဲ လျှောက်ထားခွင့် မရှိတော့ ဘူးလို့ သိရပါတယ်။

အခု ချမှတ်လိုက်တဲ့ မူအသစ်မှာ တခြား နိုင်ငံသား နိုင်ငံကူးလက်မှတ် ကိုင်ထားတဲ့ သတင်းထောက်တွေဟာ သူတို့ ရထားတဲ့ ဗီဇာ သက်တမ်း ကုန်တာနဲ့ နိုင်ငံထဲက ထွက်ပီး နောက်တကြိမ် သတင်းယူဖို့ ဗီဇာ ပြန်တင်ရမှာ ဖြစ်ပါတယ်။

အခါအားလျော်စွာ သတင်း လာယူချင်တဲ့ နိုင်ငံခြားသား သတင်းထောက်တွေကို ဗီဇာ သက်တမ်း အများဆုံး တစ်လနဲ့ အခမ်းအနားတွေ၊ အစည်းအဝေးတွေအတွက် အစည်းအဝေး မတိုင်ခင်(၂)ရက်၊ အစည်းအဝေးအပြီး (၂)ရက်နဲ့ အစည်းအဝေး ကာလပေါ် မူတည်ပြီး ပေးသွားမယ်လို့ ပြန်ကြားရေး ဒုတိယ ဝန်ကြီး ဦးရဲထွဋ်က ပြောပါတယ်။

ကမ္ဘာ့စီးပွားရေး ဖိုရမ်နဲ့ ဆီးဂိမ်း ကာလတွေမှာ လာရောက် သတင်းယူခဲ့ကြတဲ့ နိုင်ငံခြားသား သတင်းထောက်တွေဟာ ဗီဇာ သက်တမ်း တိုးပြီး နိုင်ငံထဲက ပြန်မထွက်ဘဲ နေနေတာကြောင့် ဗီဇာ ကန့်သတ်ချက်တွေထဲက စည်းမျဉ်း တချို့ကို အခုလို ပြောင်းလိုက်ရတာ ဖြစ်တယ်လို့ ဦးရဲထွဋ်က ပြောပါတယ်။

ဗီဇာ သက်တမ်းတိုးတာနဲ့ ပတ်သက်လို့ အခုလို စိစစ်မှုတွေ ပိုလုပ်လိုက်တာဟာ ရခိုင် ပဋိပက္ခ သတင်း ရေးသားချက်တွေကြောင့် မဟုတ်သလို့ သတင်းဌာန တစ်ခုခုကို ရည်ရွယ် ကန့်သတ်တာလည်း မဟုတ်ဘူးလို့ ဦးရဲထွဋ်က ပြောပါတယ်။

အစိုးရနဲ့ MOU လက်မှတ် ထိုးထားပြီး ပြည်တွင်းမှာ တရားဝင် ရုံးခန်း ဖွင့်ခွင့် ရထားသူ တွေကိုတော့ အရင်အတိုင်း ပေးနေတဲ့ (၆)လ သက်တမ်းရှိတဲ့ အကြိမ်ကြိမ် ပြည်ဝင်ခွင့် ဗီဇာ ဆက်ပေးမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

နိုင်ငံခြားသား သတင်းထောက်တွေကို ဗီဇာ ရရှိဖို့ ထောက်ခံ ပေးနေတဲ့ ပြန်ကြားရေးဝန်ကြီးဌာနရဲ့ အမှုဆောင်အစည်းအဝေးကနေ အခုဒီ မူအသစ်ကို ဆုံးဖြတ်လိုက်တာလို့ သိရပါတယ်။