ဧရာ၀တီစာပေပွဲတော် လူသူပြည့်နှက်

  • 15 ဖေဖော်ဝါရီ 2014
suu
Image caption မန္တလေးဟေးရီဆော့ ဟိုတယ်မှာ ဧည့်ပရိတ် သတ်တွေ ပြည့်နှက်

မန္တလေးမြို့မှာ ကျင်းပနေတဲ့ ဧရာ၀တီ နိုင်ငံတကာ စာပေပွဲတော် ဒုတိယနေ့ မှာတော့ ပွဲတော်ကျင်းပရာ မန္တလေးဟေး ရီဆော့ ဟိုတယ်မှာ ဧည့်ပရိတ်သတ် တွေ ပြည့်နှက် နေပါတယ်။

ဒီကနေ့မှာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဧရာ၀တီ စာပေပွဲတော်မှာ ဆွေးနွေး ဟောပြောမယ် ဆိုလို့ မနက်အစောကြီး ကတည်းက NLD ပါတီ၀င်တွေနဲ့ ဧည့်ပရိသတ်တွေ ဟိုတယ် အဝင် လမ်းတလျှောက် စောင့်ဆိုင်း နေခဲ့ကြပါတယ်။

စာပေ ပွဲတော် ဒုတိယနေ့မှာ နာမည်ကြီး တရုတ် စာရေးဆရာမ jung chang ၊ မြန်မာပြည်ဖွား အင်္ဂလန်က စာရေးဆရာမ ဝင်ဒီလောရုံ စတဲ့ နိုင်ငံတကာ စာရေးဆရာတွေ တက်ရောက် သလို ဦးသော်ကောင်း၊ ဦးနေအုတ်၊ ကောင်းသန့်၊ သန့်မြင့်ဦး စတဲ့ ပညာရှင်တွေ လည်း တက်ရောက်ပြီး ဘီဘီစီ ကမ္ဘာ တလွှား အစီအစဉ်က ဝါရင့် သတင်းထောက် ဖာဂယ်ကင်း တို့အဖွဲ့က မြန်မာ သတင်းထောက် တွေ အတွက် သတင်း ထုတ်လွှင့် တင်ဆက်မှုနဲ့ ပတ်သက်တဲ့ အလုပ်ရုံ ဆွေးနွေးပွဲတွေ လုပ်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ စကားစမြည် ဆိုတဲ့ အစီအစဉ်မှာတော့ အစီအစဉ် တင်ဆက်သူက ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘဝပုံရိပ် တချို့ကို မေးမြန်းခဲ့ ပါတယ်။

ဒီအစီစဉ်မှာ မြန်မာပြည်ရဲ့ အနာဂတ်ကို ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဖြစ်စေချင် သလဲ ဆိုတဲ့ အမေးကို ဒေါ်အောင်ဆန်း စုကြည်က အမှန်တကယ် စည်းလုံးတဲ့၊ ငြိမ်းချမ်းတဲ့ ဖွံ့ဖြိုး စည်ပင်တဲ့ တိုင်းပြည်ကို လိုချင်တယ် ဆိုရင် အဲ့ဒီ တိုင်းပြည်ကို တည်ဆောက်တဲ့ နေရာမှာ ကိုယ်တိုင် ပါ၀င်ဖို့ လိုတယ် ဆိုတာ နားလည် သဘောပေါက် တဲ့ နိုင်ငံသူ နိုင်ငံသားတွေ ဖြစ်စေချင် တာပါလို့ ဖြေသွားပါတယ်။

တစုံတယောက် အပေါ်မှာဘဲ မျှော်လင့်ချက် ထားပြီး ဘာမှမလုပ် ဘဲ နေတာထက် ကိုယ်တိုင် ကိုယ်ကျ ပါပြီး တည်ဆောက် ယူတာမျိုး ဖြစ်စေချင်ပြီး ကိုယ့်ရဲ့ ပတ်ဝန်းကျင် လူမှု အသိုင်းအဝိုင်း ကို အကျိုးပြုမယ့် တာ၀န်ယူ စိတ်မျိုး လူတိုင်း ရှိကြဖို့ ဒေါ်စုက ပြောသွားပါတယ်။

ခုလို နိုင်ငံတကာ က စာပေပညာရှင် တွေနဲ့ ထိတွေ့ခွင့် ရတဲ့အတွက် လူငယ်တွေ အကျိုးကျေးဇူး တွေ ရနိုင်တယ်လို့ ဆိုကြပေမယ့် ဒီပွဲကို လူငယ်တွေ စိတ်၀င်စားမှု နည်းတာ တွေ့ရတဲ့ အကြောင်း ဒီပွဲမှာ ကမ္ဘာကျော် ၀တ္ထုများမှ ကမ္ဘာကျော် ရုပ်ရှင်များ သို့ ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောမယ့် အကယ်ဒမီ ဒေါ်ဆွေဇင်ထိုက်က ခုလိုဆိုပါတယ်။ ခုကျင်းပနေတဲ့ ဧရာ၀တီ စာပေပွဲတော်မှာ လက်ရောက်ကြတဲ့ စာရေးဆရာကြီး တွေရဲ့ ရောင်းအား အကောင်းဆုံး စာအုပ်တွေကိုလည်း ရောင်းတဲ့ စာအုပ် ဈေးပွဲတော် လည်း ခင်းကျင်း ထားပါတယ်။

မနက်ဖြန် မှာတော့ နာမည်ကြီးစာရေးဆရာတွေဖြစ်တဲ့ နွမ်ဂျာသိုင်း၊ မိချမ်းဝေ၊ ရွှေကူမေနှင်း စတဲ့ နာမည်ရ စာရေးဆရာတွေ လည်း တက်ရောက် ဆွေးနွေးမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ