မန်းစာပေဟောပြောပွဲ ကိုမြအေးမပါဖို့ ခြိမ်းခြောက်တားမြစ်

  • 15 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် ko ye yint kyaw
Image caption မန္တလေးမှာလဲ အစ္စလမ်ဘာသာဝင်မို့ ဟောပြောခွင့်မပြုဖို့ သံဃာတွေက တား

မန္တလေးမြို့ မဟာအောင်မြေ မြို့နယ် ဟေမမာလ မြောက်ရပ်ကွက် မျက်ပါးရပ်က ရပ်မိရပ်ဖနဲ့ စာပေဝါသနာရှင် လူငယ်တွေ စုပေါင်းပြီး စီစဉ်တဲ့ ဒီည ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့ အမှတ် တရ စာပေ ဟောပြောပွဲမှာ ပါဝင်ဟောပြောမယ့် ၈၈ မျိုးဆက် ပွင့်လင်း လူ့အဖွဲ့အစည်းက ကိုမြအေးကို ပါဝင် ဟောပြောခွင့်မပြုဖို့ သံဃာတစုက ခြိမ်းခြောက်တားမြစ်ခဲ့ပါတယ်။

မနက်ပိုင်းမှာ သံဃာတချို့ ကားနဲ့ရောက်လာပြီး ဟောပြောပွဲ စီစဉ်သူတွေကို ဟောပြောပွဲမှာ ကိုမြအေးကို မပါစေလိုတဲ့ အကြောင်း၊ ကိုမြအေးပါမယ်ဆိုရင် သူတို့လာရောက်မယ်လို့ ခြိမ်းခြောက်မိန့်ကြားခဲ့တယ်လို့ မျက်ပါးရပ်နေ ကိုရဲရင့်ကျော်က ပြောပါတယ်။

ကိုမြအေးဟာ အစ္စလမ်ဘာသာဝင် ဖြစ်နေလို့ မဟောပြောစေချင်လို့ သံဃာတော်တွေက မိန့်ခဲ့ကြောင်း ပြန်ပြောပါတယ်။

လာရောက်တားမြစ်တဲ့ သံဃာတော်တွေဟာ ဘယ်ကျောင်းက ဘယ်သံဃာတော်တွေဆိုတာကိုတော့ ပြောကြားခဲ့ကြခြင်းမရှိဘူးလို့ ဆိုပါတယ်။

ဒီလို လာရောက်တားမြစ်တာနဲ့ပတ်သက်လို့ ရပ်မိရပ်ဖနဲ့ ရပ်ကွက်က ကိုးကွယ်တဲ့ ဆရာတော် သံဃာတော်တွေ ဆွေးနွေးတိုင်ပင်ကြပြီး ဆရာတော်ကြီးတွေက ပွဲကိုအေးအေးဆေးဆေး ဖြစ်အောင် သူတို့ ထိန်းသိမ်းပေးမယ်လို့ မိန့်ကြားခဲ့တာကြောင့် ဟောပြောပွဲကို ဆက်ကျင်းပဖို့ စီစဉ်ထားကြောင်း ကိုရဲရင့်ကျော်က ပြောပါတယ်။

အလားတူဘဲ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်မြောက်ဥက္ကလာပမှာ ကျင်းပတဲ့ စာပေဟောပြောပွဲမှာလည်း အစ္စလမ်ဘာသာဝင်တွေဖြစ်တဲ့ ရှေ့နေ ဦးကိုနီနဲ့ ကိုမြအေးတို့ကို ဟောပြောခွင့်မပြုဖို့ သံဃာတချို့က တားမြစ်ခဲ့တာကြောင့် ဟောပြောပွဲ ပျက်သွားခဲ့ရပါတယ်။