၆၇ ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနား

  • 15 ဖေဖော်ဝါရီ 2014
Image caption လန်ဒန်မှာ ကျင်းပခဲ့တဲ့ မွန်အမျိုးသားနေ့ အခမ်းအနား တခုတုန်းက ဓါတ်ပုံ ဖြစ်ပါတယ်

(၆၇)ကြိမ်မြောက် မွန်အမျိုးသားနေ့ အခမ်းအနားကို မွန်လူမျိုးတွေ အများစု နေထိုင်တဲ့ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ တွေအပြင် တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ မန္တလေးတိုင်း နဲ့ ရန်ကုန်မြို့တွေမှာပါ ကျင်းပ ခဲ့ကြပါတယ်။

အဲဒီအထဲက မွန်အမျိုးသားနေ့ ဗဟို ကျင်းပရေး အခမ်းအနားကိုတော့ မုဒုံမြို့ ကမာ၀က်ရွာမှာ တခမ်းတနား ကျင်းပခဲ့ပါတယ်။

ဒီနှစ် မွန်အမျိုးသားနေ့ ဗဟိုကျင်းပရေး အခမ်းအနားကို မွန်ပြည်နယ် မုဒုံမြို့ ကမာ၀က်ရွာမှာ ပြုလုပ်ဖို့ မွန် လူမှု အဖွဲ့အစည်းတွေ ပါ၀င်တဲ့ မွန်အမျိုးသားနေ့ ကျင်းပရေးကော်မတီ က ရွေးချယ် လိုက်တာဖြစ်ပါတယ်။

အခမ်းအနားကို မွန်နိုင်ငံရေးပါတီ (၂)ခုစလုံး တက်ရောက်ခဲ့ကြသလို အစိုးရနဲ့ ငြိမ်းချမ်းရေး ယူထားတဲ့ လက်နက်ကိုင် မွန်ပြည်သစ်ပါတီ အပြင် တိုင်းရင်းသား နိုင်ငံရေးပါတီ ခေါင်းဆောင်တွေပါ တက်ရောက် ခဲ့ကြပါတယ်။

ကမာ၀က်ရွာ အခမ်းအနားကို ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ မွန် အရေး တက်ကြွလှုပ်ရှားသူ ဦးမင်းမင်းနွယ် ကတော့ ဒီနှစ်မှာ ထူးထူးခြားခြား ပွဲကျင်းပတာတော့ မရှိဘူးလို့ ပြောပါတယ်။

မွန်အမျိုးသားနေ့ အခမ်းအနားတွေကို မွန်ပြည်နယ် ကျိုက်ထို၊ အပေါင်၊ မုဒုံ၊ ရေး၊ စတဲ့ မြို့နယ်တွေမှာလည်း စည်းစည်းကားကား ကျင်းပခဲ့ကြပါတယ်။

ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ပြုလုပ်တဲ့ မွန်အမျိုးသားနေ့ အခမ်းအနားကိုတော့ လူ(၄)ထောင်လောက် တက်ရောက်ခဲ့ပါတယ်။

ဒီအခမ်းအနားကို ရန်ကုန်တိုင်း၀န်ကြီးချုပ် ဦးမြင့်ဆွေတက်ရောက်ခဲ့ပြီး ပြည်ထောင်စု လွှတ်တော် ဥက္ကဌ သူရဦးရွှေမန်းနဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့က သ၀ဏ်လွှာ တွေ ပေးပို့ ခဲ့ကြပါတယ်။

ဒါ့အပြင် (၈၈)ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင် ကလည်း မိန့်ခွန်း ပြောကြားခဲ့ကြောင်း အခမ်းအနားကျင်းပရေးကော်မတီက ထုတ်ပြန်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ