မစ္စတာ ကင်တားနား ရခိုင်ပြည်နယ်ကို သွားရောက်

ဓာတ်ပုံ မူပိုင် Reuters
Image caption မစ္စတာကင်တားနား စစ်တွေမြို့ကို မနှစ်က လာတုန်းကလည်း ကန့်ကွက် ဆန္ဒပြမှုတွေနဲ့ ကြုံခဲ့ရ

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူး ကိုယ်စားလှယ် မစ္စတာ တောမတ်စ် အိုဟေး ကင်တားနားဟာ မနေ့ သောကြာနေ့ မနက်က စစ်တွေမြို့ကို ရောက်ရှိလာပြီး စစ်တွေ ထောင်ကို သွားရောက်ခဲ့သလို နှစ်ဘက် လူမှု အဖွဲ့အစည်းက ခေါင်းဆောင်တွေနဲ့အတူ ဒုက္ခသည် စခန်းတွေကို သွားရောက် ကြည့်ရှု့ ခဲ့ပါတယ်။

RNDP ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက ဗဟို ကော်မီတီဝင် နှစ်ဦး ဖြစ်တဲ့ ဦးခင်မောင်ကြီးနဲ့ ဦးရွှေမောင်တို့ကိုလည်း စစ်တွေဟိုတယ်မှာ ခေါ်ယူ တွေ့ဆုံခဲ့ပါတယ်။

မစ္စတာ ကင်တာနားက သူဟာ ကုလသမဂ္ဂ ကိုယ်စားလှယ် တစ်ဦး ဖြစ်တဲ့ အတွက် ဘက်မလိုက်ကြောင်းနဲ့ နောက်ဆုံးထွက်လာမယ့် သူရဲ့ အစီရင်ခံစာကို ဖတ်ကြည့်ရင် ဘက်လိုက်မူ ရှိ မရှိ ဆိုတာကို သဘောပေါက်မှာ ဖြစ်ကြောင်း ပြောဆိုသွားတယ်လို့ ဦးခင်မောင်ကြီးက ဘီဘီစီကို ပြန်ပြောပြပါတယ်။

စစ်တွေထောင်ထဲကို မစ္စတာ ကင်တားနား သွားရောက် ကြည့်ရှုတဲ့ အခါမှာတော့ ထောင်အပြင်ကနေ ဒေသခံ ပြည်သူ ၂၀ဝ ခန့်က ကန့်ကွက် ဆန္ဒပြ ခဲ့ကြပါတယ်။

မစ္စတာ ကင်တားနားရဲ့ ၆ ရက်ကြာ မြန်မာနိုင်ငံ ခရီးစဉ် အတွင်း ရခိုင် အပါအဝင် ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်း လက်ပံတောင်းတောင် ဒေသနဲ့ ရန်ကုန် သီလဝါ ရေနက် ဆိပ်ကမ်း တို့ကိုလည်း သွားရောက် ကြည့်ရှု့မယ်လို့ သိရပါတယ်။