ရန်ကုန်မှာ ဆန်စျေးတွေ ခုန်တက်

  • 16 ဖေဖော်ဝါရီ 2014
ဓာတ်ပုံ မူပိုင် none
Image caption အခြေခံ စားကုန် ဖြစ်တဲ့ ဆန်စျေးတက်ပြန်ပြီ

လူဦးရေ ၆ သန်းလောက် နေထိုင်တဲ့ မြန်မာနိုင်ငံ ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ ရက်ပိုင်းတုန်းက ဆန်ဈေးတွေ ၁၀ ရာ ခိုင်နှုန်း လောက်အထိ တက်သွားပါတယ်။

လာမဲ့ နွေစပါး မပေါ်ခင်ထိ ဈေးတွေ တက်ဖို့ရှိနေတယ်လို့ ဆန်ကုန်သည်တွေက ပြောပါတယ်။

ရန်ကုန်မှာ ဆန်ဈေးတွေ လက်လီ ဈေးကွက်မှာ တစ်ပြည်ကို ကျပ်၃၀၀ လောက် တက်သွားကြောင်း ရန်ကုန်က အိမ်ရှင်မ တစ်ယောက်က ပြောပါတယ်။

ဒီရက်ပိုင်းမှာလည်း ရန်ကုန်မြို့ကို ဆန်အဝင် နည်းနေပြီး ရန်ကုန်မြို့ကို ဆန်အဓိက ပို့နေတဲ့ ဘုရင့်နောင် ပွဲရုံဘက်က သတင်းတွေအရ ဆိုရင် ရန်ကုန်ကို ဆန်ဟောင်း အဝင် နည်းနေပြီးတော့ ဆန်သစ် မပေါ်ခင်မှာ လက်ကျန် ပြတ်နေကြတယ်လို့လဲ ကုန်သည်တွေက ပြောပါတယ်။

ပြည်တွင်းက ဆန်ကို အခုရက်ပိုင်းမှာ တရုတ်ဘက် ကလည်း နယ်စပ် ကနေ တစ်ဆင့် ဝယ်နေပြီးတော့ အညာဒေသဘက်က ဆန်အထွက်နည်းလို့ ဈေးတက် လာတာ ဖြစ်ပါတယ်။

ဒီအတိုင်းဆိုရင် မြန်မာလူထုရဲ့ အခြေခံ စားကုန်ဖြစ်တဲ့ ဆန်ဟာဟာ ဆန်သစ် ဈေးကွတ်ထဲဝင် မလာခင်အချိန်ထိ တက်ဖို့ ရှိနေတယ်လို့ အကဲခပ်တွေက ပြောပါတယ်။

စိုက်ဧကပေါင်း သန်း၂၀ ရှိတဲ့ မြန်မာနိုင်ငံဟာ နှစ်စဉ် ဆန်စပါး တင်းပေါင်း သန်း၁၅၀၀ လောက် ထွက်ပြီးတော့ ပြည်တွင်းစားသုံးမှုဟာ တင်းသန်းတစ်ထောင် ရှိတယ်လို့ တရားဝင်စာရင်းတွေအရ သိရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ