ကင်တားနားနဲ့ တွေ့ရချိန်နည်းလို့ ဒေသခံတွေ အားမရ

  • 17 ဖေဖော်ဝါရီ 2014
Letpadaung Monks ဓာတ်ပုံ မူပိုင် AFP
Image caption လက်ပံတောင်းတောင် သပိတ် ဖြိုခွဲ ခံခဲ့ရအပြီး တွေ့ရတဲ့ သံဃာများ

မြန်မာ နိုင်ငံမှာ ရောက်နေတဲ့ ကုလ သမဂ္ဂရဲ့ မြန်မာ နိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ အထူး စုံစမ်း စစ်ဆေးရေးမှူး မစ္စတာ ကင်တားနားက ကြေးနီစီမံကိန်းရှိရာ လက်ပံတောင်းတောင် ဒေသကို သွားရောက်ပြီး တရုတ် ကုမ္ပဏီ တာဝန်ရှိသူတွေ၊ ဒေသခံတွေနဲ့ တွေ့ဆုံခဲ့ ပါတယ်။

ဒါ့အပြင် စပယ်တောင်နဲ့ ကြေးနီတောင် တို့ကိုလည်း သူသွားရောက် ခဲ့တယ်လို့ စစ်ကိုင်းတိုင်း နယ်စပ်ရေးရာနဲ့ လုံခြုံရေး ဝန်ကြီးက ဘီဘီစီကို ပြောပါတယ်။

ကချင်ပြည်နယ် ခရီးစဉ်က အပြန် မုံရွာမြို့ကို ရောက်လာရာမှာ စစ်ကိုင်းတိုင်း ဝန်ကြီးချုပ်၊ နယ်စပ်ရေးရာ ဝန်ကြီး၊ သစ်တောနဲ့ စွမ်းအင် ဝန်ကြီး အပါအဝင် အစိုးရ အရာရှိတွေနဲ့လည်း တွေ့ဆုံခဲ့ပါတယ်။

ဒေသခံတွေကတော့ မစ္စတာ ကင်တားနားကို နာရီဝက်သာ တွေ့ခွင့် ရတဲ့ အချိန် နည်းလွန်းတယ်လို့ ပြောပါတယ်။

သူတို့ မေးမြန်းတာတွေကို မစ္စတာ ကင်တားနား ဘက်ကလည်း အချိန်မရလို့ ပြန်လည် မဖြေနိုင်ပါဘူးလို့ ပြောခဲ့တဲ့ အပေါ် ဒေသခံတွေက အားမလို အားမရ ဖြစ်ရတယ်လို့ ကိုယ်တိုင် တွေ့ခဲ့သူ မသွဲ့သွဲ့ဝင်းက ပြောပါတယ်။

ဒါပေမဲ့ ကလေးတွေ ပညာသင်ကြားခွင့် ဆုံးရှုံးမှု၊ သံဃာတွေ မီးလောင် ဒါဏ်ရာရခဲ့တဲ့ မီးလောင်ဗုံးတွေရဲ့ ပုံတွေ အပြင် လူ့ အခွင့် အရေး ချိုးဖောက်မှု ရှိတဲ့ အထောက် အထားတွေကို တော့ တင်ပြလိုက်နိုင်တယ်လို့ သူက ပြော ပါတယ်။

မစ္စတာ ကင်တားနားက လက်ပံတောင်းတောင် စီမံကိန်း ဆိုင်ရာ အစီရင်ခံစာ ပေါ်ထွက်ခဲ့ပြီးကြောင်း ပြောခဲ့ရာမှာ အစီရင်ခံစာ အကောင်အထည်ဖော်မှု မရှိတာကို ရွာသားတွေက ပြန်ပြောခဲ့တယ်လို့ ဆိုပါတယ်။

ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့က မြန်မာနိုင်ငံကို ရောက်လာခဲ့တဲ့ မစ္စတာ ကင်တားနားရဲ့ အခုခရီးစဉ် အတွင်း ရခိုင်ပြည်နယ်၊ သီလဝါ စီးပွားရေးဇုန် တို့အပြင် ကချင်ပြည်နယ်က စစ်ဘေးစစ်ရှောင် ဒုက္ခသည်စခန်း တချို့ကိုလည်း သွားရောက် လေ့လာခဲ့ပါတယ်။

လူ့အခွင့် အရေးဆိုင်ရာ အထူးကိုယ်စားလှယ် အဖြစ် အခု နောက်ဆုံး မြန်မာနိုင်ငံ ခရီးစဉ်က ရခဲ့တဲ့ လေ့လာချက် တွေကို မစ္စတာ ကင်တားနားက ကုလ သမဂ္ဂမှာ ပြန်လည် တင်ပြ အစီရင်ခံမှာ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ